Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမလွှဲတောင် အတက်လမ်းတွင် ကားတစ်စီး ချောက်ထဲထိုးကျပြီး ခရီးသည် ၅ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

    မလွှဲတောင် အတက်လမ်းတွင် ကားတစ်စီး ချောက်ထဲထိုးကျပြီး ခရီးသည် ၅ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

    -

    ရေး-ထားဝယ်ကားလမ်းပိုင်း မလွှဲတောင် အတက်တွင် ခရီးသည်နှင့် ကုန်ပစ္စည်းများတင်ဆောင်ထားသည့် ကားတစ်စီး အရှိန်လွန်ပြီး ချောက်ထဲထိုးကျရာ လိုက်ပါလာသည့် ခရီးသည် ၅ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် မင်းသားကျေးရွအုပ်စု၊ မော်ကြီးကျေးရွာမှ ခရီးသည်နှင့် ကုန်ပစ္စည်းများတင်ဆောင်လာသည့် ကားသည် ရေးမြို့ဘက်မှ ရေဖြူမြို့ဘက် မောင်းနှင်လာစဉ် မလွှဲတောင်အတက် ၁၄ မိုင် ဘုန်းကြီးကျောင်အလွန် အကွေ့တွင် အရှိန်လွန်ပြီး ပေ ၁၀၀ ခန့်ရှိသည့် ချောက်ထဲသို့ ထိုးကျသွားခဲ့သည်ဟု ရေးမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အဆိုပါ ကားပေါ်တွင် ရေဖြူမြို့နယ်၊ ကျွဲသုံးညီမ၊ ကျွဲတလင်း၊ မင်းသား၊ ဆင်စွယ်၊ မော်ကြီး စသည့်ကျေးရွာများမှ ခရီးသည် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၉ ဦးလိုက်ပါလာသည်ဟု ဆိုသည်။

    ကား ချောက်ထဲထိုးကျပြီး ကားပေါ်လိုက်ပါလာသူများအနက် Gread – 11 တက်နေသည့် ကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ရေးမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

    “ကားပေါ်မှာက ရေဖြူမြို့နယ်ထဲက ကျွဲသုံးညီမ၊ ကျွဲတလင်း၊ မင်းသား၊ ဆင်စွယ်၊ မော်ကြီး စတဲ့ ကျေးရွာတွေက ခရီးသည် ၉ ဦးနဲ့ ယာဉ်မောင်းတစ်ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။ Gread – 11 တက်နေတဲ့ ကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ၎င်းပြင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီ ၂ ဦးတို့ကလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

    ဒဏ်ရာပြင်းထန်သည့် ယာဉ်မောင်းကိုတော့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျန်လူနာများကို ရေးခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်းလည်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

    “ထိခိုက်ဒဏ်ရာရရှိကြတဲ့သူတွေမှာက ဦးခေါင်းကွဲတာ၊ လက်ကျိုးတာ စတဲ့ဒဏ်ရာတွေရရှိခဲ့ကြပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

    ကားချောက်ထဲထိုးကျပြီး သေဆုံးသွားခဲ့သူများ၏ ရုပ်အလောင်းများကို ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေးမြို့ရှိ သုဿာန်မှာပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

    Photo Credit – အောင်မင်္ဂလာလူမှုကူညီကယ်ဆယ်ရေးအသင်း (ရေးမြို့)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks