မွန်ပြည်နယ်၊ ရေးတောင်ပိုင်းဒေသနှင့် မွန်ပြည်ပါတီထိန်းချုပ်နယ်မြေဒေသတို့တွင် စစ်ကောင်စီတပ်က ကုန်စည်သယ်ဆောင်ခွင့်နှင့် အသွားအလာကို ကန့်သတ်ထားပြီး ယခုဆိုလျှင် ၁၀ ရက်ကျော် ကြာလာပြီးဖြစ်သည်။
ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၉ နေ့ရက်နေ့မှစကာ ကျုံလောင်းရွာဟောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ဒေသတွင်း သွားလာရေးကို ပိတ်ပင်တားဆီးလိုက်သည့်အပြင် ကုန်စည်သယ်ဆောင်ခွင့်ကိုလည်း ကန့်သတ်လိုက်သည်။
စစ်ကောင်စီတပ်ဘက်က ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ထားသည့်အတွက် ရေးချောင်းဖျားဒေသဘက်တွင် စားသောက်ကုန်များနှင့် ဆေးဝါး လိုအပ်ချက်များ ရှိလာနေကြောင်း ဒေသခံတို့က ပြောသည်။
လက်ရှိတွင် စားနပ်ရိက္ခာများကို ထိုင်းနယ်စပ် ဘုရားသုံးဆူဘက်မှတဆင့် စျေးကြီးပေးဝယ်ယူနေရကြောင်း ဝယ်ပေါင်ဒေသခံတစ်ဦးက ပြောသည်။
“အခုလောလောဆယ်က ဘုရားသုံးဆူကနေ ဆန်တွေဝယ်နေရတယ်။ ပေါင် ၁၀၀ ရှိတဲ့ ဆန်အိတ် တစ်အိတ်ဆို နှစ်သိန်း ဖြစ်သွားတယ်။ စခန်းမှာဆို ထောက်ပံ့မှုရပါတယ်။ အဲ့ဒေသမှာ ပစ္စည်းတွေ ကန့်သတ်ခံထားရတာပဲဆို မရှောင်ရတဲ့ သူတွေက ဝယ်စားရတယ်” ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်အရေးကူညီသူတို့လည်း ကူညီထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းများကို ထိုင်းနယ်စပ် ဘုရားသုံးဆူ ခလောက်ခနီလမ်းပိုင်းကို အသုံးပြုပြီး ဆောင်ရွက်နေရသည့်အတွက် ထိုင်းအာဏာပိုင်တို့၏ ခွင့်ပြုမှု သဘောထားကိုလည်း စိုးရိမ်နေရသည့်အခြေအနေ ရှိနေသည်ဟု မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေစင်တာ MRDC တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောတွင် စစ်ရှောင်စခန်းများရှိ ကလေး၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးပိုင်းများအတွက် အာဟာရပြတ်လတ်မှုနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု ဆေးဝါးများလည်း လိုအပ်လာကြောင်း ၎င်းက ဆက်ပြောသည်။
“ရက်ကြာလာတော့ စိုးရိမ်စရာတွေလည်း များလာတယ်။ စားသောက်စရာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေ ခက်ခဲလာမယ်။ ဆေးဝါးတွေ လိုအပ်လာနေတယ်။ အခုက စစ်ရှောင်တွေအပြင် အနီးနားရွာခံတွေကလည်း တစ်ဖြည်းဖြည်းနဲ့ အခက်ကြုံလာနေတယ်။ ပြည်တွင်းကနေတော့ ဒီကနေ့ထိ ပစ္စည်းတွေ သယ်ယူပို့ဆောင်လို့ မရသေးဘူး၊ ဒီနယ်စပ်ဘက်မှာတော့ ကျနော်တို့ ဆန်တွေ ပစ္စည်းတွေ သယ်လာတာရှိတယ်။ ပစ္စည်းတွေ သယ်တာများလာလို့ရှိရင်လည်း ထိုင်းဘက်က တင်းကြပ်လာမှာကို စိုးရိမ်ရတယ်” ဟု MRDC တာဝန်ရှိသူက ပြောသည်။
ရာသီဥတု ပိုအေးလာသည့်အတွက် စစ်ဘေးရှောင်နေသူများတွင် ရာသီတုပ်ကွေးဒဏ်ခံနေရသည့်အပြင် ဝမ်းပျက် ဝမ်းလျှောလည်း ဖြစ်ပွားနေသည်ဟု မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေစင်တာထံမှ သိရသည်။
“ပြဿာနာက စစ်ရှောင်တွေကအိမ်သာမလုံလောက်ဘူး ဖြစ်နေတယ်။ လူများနေတော့ ရောဂါဖြစ်တာနဲ့ ကုဖို့ မလွယ်ဘူး။ အခု စစ်ရှောင်တွေကို မိုဘိုင် clinic ဖွင့်ပြီး ကုသပေးတယ်။ ရောဂါနည်းနည်းပြင်းတဲ့လူနာတွေဆို ဝယ်ဇင်ဆေးရုံကို ပို့လိုက်တယ်” ဟု အထက်ပါ တာဝန်ရှိသူ ဆက်ပြောသည်။
ကျုံလောင်းရွာဟောင်းဘက်ဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ကျုံလောင်း၊ ဝယ်ပိုင်၊ ဝယ်ဇင်၊ ကျောက်မိချောင်း စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
လက်ရှိတွင် ကျုံလောင်းရွာဘက် တိုက်ပွဲအခြေအနေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။