စစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားသော မြို့အများအပြား လက်လွှတ်ဆုံးရှုံးနေရသော်လည်း ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု စစ်ခေါင်းဆောင်က မကြာခဏ ပြောကြားလျက်ရှိနေသည်။

ထို့အတူ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်ပြည့် ကယားပြည်နယ် (ကရင်နီပြည်နယ်) နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင်လည်း ရွေးကောက်ပွဲ မဖြစ်မနေကျင်းပသွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
လက်ရှိ အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပရန် လုံခြုံစိတ်ချရသည့် အနေအထားမျိုး မရှိကြောင်း၊ သို့သော်လည်း ဖြစ်အောင်လုပ်မည်ဆိုပါက ဖြစ်နိုင်သည်ဟု မွန်တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ နိုင်မျိုးတင့်လွင်က ပြောသည်။
“ရွေးကောက်ပွဲကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောတာတော့ ဖြစ်အောင်တော့ လုပ်မယ်လို့ ပြောတာပေါ့နော်၊ ဒီ ၁၀ လပိုင်းတော့ မှန်းပါတယ်။ ဖြစ်နိုင်တဲ့ အခြေအနေကတော့ မပြောတတ်သေးဘူးပေါ့နော်၊ ဖြစ်အောင်တော့ လုပ်ရင်တော့လည်း ဖြစ်တာပဲ။ အဲဒီလိုပဲ မှတ်ယူရမှာပေါ့နော်၊ ဘယ်လို အခြေအနေမျိုး လုပ်မလဲဆိုတာတော့ ပြောလို့တော့ မရသေးဘူးပေါ့နော်၊ လုံခြုံရေး အခြေအနေကတော့ လက်ရှိ ပကတိ အခြေအနေကတော့ ဘယ်နေရာမှတော့ စိတ်မချရဘူးပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် မြို့နယ် ၉၀ ကျော်ကို တော်လှန်ရေးအင်အားစုတို့က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့နယ်အချို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။
မြို့နယ် ၁၆၅ မြို့နယ်ခန့် ရွေးကောက်ပွဲ ကျင်းပနိုင်ပါက လွှတ်တော်ခေါ်၍ ရကြောင်း သို့သော်လည်း လုံခြုံရေး အခြေအနေများကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ၊ မရှိကို အတိအကျ ပြော၍ မရကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
“အခုအခြေအနေကတော့ အားလုံး မကောင်းသေးဘူးပေါ့ဗျာ၊ ပြောရမယ်ဆိုရင်တော့ အားလုံး မကောင်းသည့်အတွက် မလုပ်ပေးဘူးဆိုတာလည်း ဖြစ်နိုင်တယ်၊ လုပ်ရင်လည်း တစ်ဝက်တစ်ပျက်လောက် တချို့တလေလောက်ပေါ့လေ၊ အဲဒီလိုလည်း ဖြစ်နိုင်တာပေါ့၊ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၆၅ မြို့နယ်လောက်လုပ်လို့ရှိရင် လွှတ်တော်ခေါ်နိုင်တယ်ဆိုတဲ့ သဘောတရားလည်း ရှိတော့က လုပ်နိုင်တဲ့နေရာကို လုပ်နိုင်သလောက်လုပ်မယ်၊ လွှတ်တော်ခေါ်မယ်ဆိုတာ ဒါပေမဲ့ ဒါကလည်း စိန်ခေါ်မှုတွေက အများကြီး အများကြီး ရှိတယ်လေ၊ အဲဒီတော့ ကျနော်တို့ ယတိပြတ်ကြီး ပြောဖို့မဖြစ်နိုင်ပါဘူး” ဟု မန်းအောင်ပြည်စိုးက ပြောသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောကြားထားသည်။
လက်ရှိအခြေအနေအရ စစ်ကောင်စီသည် ရွေးကောက်ပွဲအတွက် လုံခြုံရေး အပြည့်အဝ တာဝန်ယူနိုင်မှာ မဟုတ်ကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် မဖြစ်မနေ ကျင်းပမည်ဟု ပြောထားသည့်အတွက် ရွေးကောက်ပွဲ ပြုလုပ်လာနိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
“၂၀၂၅ မှာ သူဖြစ်အောင်လုပ်မယ်လို့ ပြောထားပြီးသားလေ။ ဒါက တစ်ချက်၊ တကယ်ဖြစ်မှာလား မဖြစ်ဘူးလားဆိုတာ ဒါကတော့ သူကလည်း ရွေးကောက်ပွဲကို သူရတဲ့နေရာ လုပ်မှာကိုး၊ ရတဲ့နေရာလုပ်မယ်၊ မရတဲ့နေရာ နောက်တစ်ကြိမ်ပြန်လုပ်မယ်၊ ဒါဒီလို သူလုပ်မယ်၊ မှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်ချင်မှ ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကတော့ မဖြစ် ဖြစ်တဲ့နည်းနဲ့ လုပ်မယ်လို့ သူက ကြွေးကြော်ထားတာလေ။ တစ်ဖက်ကလည်း ရအောင်ဖျက်မယ်လို့ ပြောထားတယ်။ ပြည်သူတွေလည်း အမှန်ပြောရရင်တော့ ရွေးကောက်ပွဲလည်း စိတ်မဝင်စားဘူး။ ဒီအတိုင်းလည်း မနေနိုင်တော့ဘူး။ အဲဒီလိုတွေ ဖြစ်နေတယ်။ သူတို့ကလည်း ဇွတ်လုပ်မယ်ဆိုရင် ပြည်သူတွေ ကြားထဲမှာ ခံရမယ့်ဟာတွေ ရှိတယ်” ဟု အထက်ပါ နိုင်ငံရေးသမားက ပြောသည်။
ရွေးကောက်ပွဲအတွက် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၅၃ ပါတီထိ ရှိသည်။
အစိုးရတစ်ရပ် အမြန်ပေါ်လာရေးအတွက် တရုတ်လိုလားခြင်းကြောင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအပေါ် အိမ်နီးနားချင်း တိုင်းပြည်များက ထောက်ခံနိုင်ပြီး ယခုနှစ်တွင် ရွေးကောက်ပွဲ မဖြစ် ဖြစ်အောင် ကျင်းပနိုင်ကြောင်း နိုင်ငံရေး သမားတစ်ဦးက ပြောသည်။