ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနေရာများတွင် စစ်ကောင်စီတပ်နှင့် နီးစပ်သူများကို အစားထိုးခန့်အပ်မှုများ ရှိနေကြောင်း ရပ်ကျေးအဖွဲ့ဝင်များထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းစက အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်သွားသူများ၏ လစ်လပ်နေရာများသာမက လက်ရှိ တာဝန်ထမ်းဆောင်နေသူများကိုပါ ဖယ်ရှားပြီး ၎င်းတို့နှင့် နီးစပ်သူများကို အသစ်ထပ်ခန့်လာသည်ဟု ဆိုသည်။
အသစ်ထပ်ခန့်သူများမှာ စစ်တပ် ကြောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် စစ်မှုထမ်းဟောင်းများ ဖြစ်ကြကြောင်း ရန်ကုန်မြို့ သာကတေမြို့နယ်မှ အုပ်ချုပ်ရေးမှူးကပြောသည်။
“အာဏာသိမ်းတုန်းက ထွက်သွားတဲ့လူတွေရှိတယ်။ အဲ့ဒီနေရာမှာ ဟိုးအရင်က အဟောင်းတွေကို ယာယီဆိုပြီး ပြန်ခန့်ထားတာလေ။ အခုက အဲဒီနေရာတွေက မြို့က ကြံ့ခိုင်ရေး အတွင်းရေးမှူးတွေက ဝင်လာတယ်။ သူတို့က ဥက္ကဌ ဖြစ်လာတာပေါ့။ တချို့ရပ်ကွက်တွေမှာက စစ်မှုထမ်းဟောင်းတွေကို အုပ်ကြီးရာထူးပေးတယ်” ဟု သာကေတမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးများသည် မြို့ပြတော်လှန်ရေးအဖွဲ့များ တည်ရှိရာ နေရာများကို လိုက်လံပြသပေးခြင်း၊ ဧည့်စာရင်းစစ်ခြင်းနှင့် စစ်တပ်သတင်းပေးခြင်းများကြောင့် ရှင်းလင်းခံရသည့် ဖြစ်စဉ်များရှိခဲ့သည်။
၎င်းပြင် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းစာရင်းများကို အုပ်ချုပ်ရေးမှူးများက တာဝန်ယူပေးရပြီး စစ်မှုထမ်းအင်အားကို စုဆောင်းပေးရသည်လည်း ရှိသည်။
“တချို့တွေဆို မခံနိုင်တော့လို့ ထွက်ကုန်ကြတယ်။ အသက်တွေကလည်း ကြီးလာပြီလေ။ လူကြီးတွေက သေနတ်နဲ့ အပစ်ခံရမှာလည်း ကြောက်ရ၊ ရပ်ကွက်ထဲကလူတွေကိုလည်း စစ်မှုထမ်းဖို့ ခေါ်ပေးရနဲ့ နောက်ပြီး တစ်လကို ဘယ်နှစ်ယောက်ပေးရမယ်ဆိုတာကလည်း ဖိအားပဲ။ မရရင် အဆဲခံရသေးတာ။ အဲဒီလို မနေနိုင်အောင် လုပ်ကြတော့ ထွက်ကြတာပေါ့။ အဲဒီနေရာတွေမှာ အခုနောက်လူတွေဝင်လာတာ” ဟု မြောက်ဒဂုံမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်တပ်နှင့်နီးစပ်သူများကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လာခြင်းသည် အရပ်သားများကြား သူလျှိုစေလွှတ်ခြင်းဖြစ်ကြောင်း သပိတ်အင်အားစုများက သုံးသပ်ကြသည်။