Homeသတင်းကျိုက်ထိုတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထိုတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာနေ အမျိုးသားတစ်ဦးက လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကျိုက်ပိကျေးရွာ၊ မြောက်ပိုင်းနေ အသက် ၅၁ နှစ်အရွယ် ဦးဆန်းမင်းအေးဆိုသူသည် ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Parrot လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် အမည်မသိလူငယ်သေနတ်သမား တစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“သေနတ်သမားတစ်ဦးက လက်ဖက်ရည်ဆိုင်ထဲ ဝင်လာပြီးတော့ ဦးဆန်းမင်းအေးကို ပစ္စတိုသေနတ်နဲ့ သုံးချက်ပစ်သွားတာပါ။ ပြီးတော့ ဖက္ကလိပ်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ ပြန်မောင်းထွက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဦးဆန်းမင်းအေးသည် ဝမ်းဗိုက်၊ ဘယ်ဘက်နားရွက်အောက်နှင့် မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ဦးဆန်းမင်းအေးသည် လိုင်စင်မဲ့ယာဉ်များကို ရောင်းဝယ် ပို့ဆောင်နေသူတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ယခုလို သေနတ်ဖြင့် ပစ်သတ်ခံရသည်ကို မသိရှိရသေးကြောင်းလည်း ဒေသခံတို့က ပြောသည်။

ဦးဆန်းမင်းအေး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်လာခြင်းမရှိသလို ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း ထုတ်ပြန်လာခြင်းမရှိသေးပေ။

မွန်ပြည်နယ်အတွင်း ယခုကဲ့သို့ အမည်မသိသေနတ်သမားတို့မှ ပစ်ခတ်သည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများကြောင့် လူ ၆၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts