spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းKNU တပ်မဟာ (၁) ဘက် စားသောက်ကုန် သယ်ဆောင်ခွင့်ကို စစ်ကောင်စီ ကန့်သတ်တင်းကြပ်

    KNU တပ်မဟာ (၁) ဘက် စားသောက်ကုန် သယ်ဆောင်ခွင့်ကို စစ်ကောင်စီ ကန့်သတ်တင်းကြပ်

    -

    မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဘက်သို့ စားသောက်ကုန် သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်တင်းကြပ်ထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၀၇ နှင့် အမြှောက်တပ် အမတ ၃၁၀ စစ်ဆေးရေးဂိတ်တို့တွင် KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ ရေကျော်၊ သုံးခွ၊ ဝင်းကံ၊ ဇီးပြောင်းအစရှိသည့် ကျေးရွာများဘက်သို့ စားသောက်ကုန်သယ်ယူခွင့်ကို ဒီဇင်ဘာလဒုတိယအပတ်ခန့်ကစပြီး စစ်ဆေး ကန့်သတ်လာခြင်း ဖြစ်သည်။

    ၎င်းပြင် KNU တပ်မဟာ (၁) ကျေးရွာများဘက်မှ လာသည့် ကုန်ပစ္စည်းတင်ကားများကိုလည်း အဆိုပါစစ်ဆေးရေးဂိတ်တို့က ဖြတ်သန်းခွင့်မပေးပဲ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လာသည်ဟု သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

    “ရွာအပေါ်ကို တက်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေဆို ပစ္စည်းတွေစစ်တာပေါ့။ ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲ၊ ဘာအတွက်လဲ၊ ဘယ်သူ့ကိုပေးဖို့လဲ၊ အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲ၊ မိသားစုဝင်ဘယ်လောက်ရှိလဲ၊ အဲ့လိုတွေမေးတာပေါ့။ ပစ္စည်းက ပိုများနေရင် ဆန်အိတ်က ဘာလို့ပိုနေတာလဲ၊ ဘာလို့ ပိုဝယ်တာလဲ၊ အဲ့လိုတွေရစ်တာပေါ့လေ။ များလွန်းနေရင် မပေးသွင်းတာလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။

    မိသားစုအတွက် ဆိုင်ကယ်ဖြင့် တစ်နိုင်တစ်ပိုင် စားသောက်ကုန် သယ်ဆောင်သည်ကို ခွင့်ပြုသော်လည်း စစ်ဆေး မေးမြန်းမှုများ ရှိနေသည်ဟုလည်း ဆိုသည်။

    ကျိုက်ထိုဒေသခံ အမျိုးသမီးတစ်ဦးက “အဲ့လိုစစ်ဆေးမှုတွေ လုပ်နေတာက အမြဲတမ်းတော့မဟုတ်ဘူး။ ကြုံရင် ကြုံသလိုမျိုး တစ်ခါတစ်လေကျရင် နည်းနည်းလေး သူတို့ သတင်းရတဲ့အခြေအနေမျိုးတွေမှာ လုပ်ဆောင်ကြတယ်” ဟု ပြောသည်။

    စစ်ကောင်စီတပ်မှ ယခုလို စားသောက်ကုန် သယ်ဆောင်ခွင့် ကန့်သတ်လာခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာမည်ကို KNU ထိန်းချုပ်နယ်မြေဒေသရှိ ဒေသခံများနှင့် သိမ်ဇရပ်မြို့ဒေသခံများ စိုးရိမ်နေကြသည်။

    သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီ၏ စားသောက်ကုန်သယ်ဆောင်ခွင့်ကန့်သတ်မှုသည် ဖြတ်လေးဖြတ်လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ပြည်သူကို ပိုမိုတင်းကြပ်လာအောင် တွန်းပို့နေခြင်းဖြစ်သည်ဟု ပြောသည်။

    KNU ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံများ သိမ်ဇရပ်မြို့မှတဆင့် စားသောက်ကုန်များ ဝယ်ယူပြီး ဒေသတွင်း ပြန်လည်ရောင်းချနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    KNU သထုံခရိုင် သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဖားအံမြို့နယ်တို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်ဗျူဟာကို မကြာခဏ အသုံးပြုလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks