spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းတစ်နှစ်ကျော်ကြာလာသည်ထိ ချောင်းနှစ်ခွဒေသခံအများစု နေရပ်မပြန်နိုင်သေး

    တစ်နှစ်ကျော်ကြာလာသည်ထိ ချောင်းနှစ်ခွဒေသခံအများစု နေရပ်မပြန်နိုင်သေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာက စစ်ဘေးရှောင်ဒေသခံများ တစ်နှစ်ကျော်ကြာလာသည်ထိ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနှင့် အတ္ထရံတံတားလုံခြုံရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်ခန့်ကစပြီး ထောင်နှင့်ချီသည့် ဒေသခံများ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    တစ်နှစ်ကျော်ကြာလာချိန်တွင် ဒေသတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ဒေသခံအများစုက နေရပ် မပြန်ရဲကြသေးသည့်အခြေအနေရှိနေသည်။

    “နေလို့ရတဲ့နေရာတွေမှာတော့ နည်းနည်းပါးပါးတော့ ပြန်နေနေကြပြီ။ တစ်ချို့နေရာတွေကတော့ ပိတ်ထားတုန်းပဲ။ ပြန်လည်ထူထောင်ရေးက စတော့စနေပြီ။ အခြေအနေက ဘယ်လိုလာမလဲတော့ မသိသေးဘူးလေ။ အဲကြောင့် အများကြီးတော့ မလုပ်ရဲကြသေးဘူး။ ပြန်လည်ထူထောင်ရေးတွေ လုပ်နေပေမဲ့ ဘာအထောက်အပံ့မှ ရတာ မရှိနေဘူး။ ကိုယ်တွေတောင် ရှိသလောက် ရသလောက်နဲ့ လုပ်နေတာပဲ ရှိတယ်” ဟု ချောင်းနှစ်ခွဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီ ပြည်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျိုက်မရောမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရသည့် ရွာနှင့် နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလက ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး၊ ရွှေဟင်္သာခန်းမ၌ ကျင်းပခဲ့သည့် စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းထောက်ပံ့ပေးအပ်ပွဲတွင် ပြောဆိုထားသည်။

    သို့သော်လည်း မြေပြင်အခြေအနေတွင် ပြည်နယ်စစ်ကောင်စီက ကူညီလုပ်ဆောင်ပေးခြင်းမရှိပဲ ပြည်လည်ထူထောင်ရေးကို ဒေသခံတို့က ကိုယ်ထူ၊ ကိုယ်ထဖြင့် လုပ်ဆောင်နေရသည်ဟု ဒေသခံတို့က ဆိုသည်။

    “ဒီကနေ့အထိ ဘာအထောက်အပံ့မှ မရလို့ ကိုယ်ထူကိုယ်ထ လုပ်နေကြရတာပေါ့။ ခုက ငါးရှာတဲ့လူ၊ လယ်စိုက်၊ ခြံစိုက်တဲ့လူတွေလောက်ပဲ ပြန်နေလို့ရသေးတာ။ ကျန်တဲ့လူတွေက ဘာမှ လုပ်စားမှ မရသေးတာ။ ဒါကြောင့် အိမ်တွေ ဆောက်ပေမဲ့ အလှူရှင်တွေ ရှိရင်တောင် ဒီအခြေအနေနဲ့က ဘာမှ လုပ်လို့မရဘူးလေ။ ပြန်လည်ထူထောင်ရေးအတွက်လည်း ရွာထဲမှာ စစ်တပ်က ထိုင်နေသ၍တော့ ဘာမှ မမျှော်လင့်ချင်တော့ဘူး။ လောလောဆယ် စွန့်ပစ်ထားတဲ့ရွာလို မဖြစ်သွားအောင်တော့ အတတ်နိုင်ဆုံး ပြုပြင်ထိန်းသိမ်းသွားရမှာပဲလေ” ဟု အခြားချောင်းနှစ်ခွရွာခံတစ်ဦးက ပြောသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ လက်နက်ကြီးထိပြီး နေအိမ်မီးလောင်မှုနှင့် စစ်ကောင်စီတပ်ဘက်က မီးရှို့မှုကြောင့် နေအိမ်မီးလောင်းပျက်စီးမှု အများအပြားရှိခဲ့သည့်အပြင် ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်းအပါအဝင် ကျေးရွာ၂၀ နီးပါးက ဒေသခံပြည်သူ ၂၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်ရှောင်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks