spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် မော့ကနင်ရွာခံ မိသားစုဝင် ၃ ဦး ပြန်မလွတ်သေးဟုဆို

    စစ်တပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် မော့ကနင်ရွာခံ မိသားစုဝင် ၃ ဦး ပြန်မလွတ်သေးဟုဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာက မိသားစုဝင် ၃ ဦးကို စစ်တပ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေးမြို့နယ်အခြေစိုက် စကခ ၁၉ လက်အောက်ခံတပ် ခလရ ၁၀၆ မှ မော့ကနင်ကျေးရွာလမ်းဝ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ကွမ်းယာရောင်းနေသည့် ဦးစိုးနှင့် ဇနီးဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့တွင် သမီးဖြစ်သူ မသင်းသင်းကို နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ဦးစိုး မိသားစု ဖမ်းဆီးခံရခြင်းအကြောင်းအရင်း တိတိကျကျမသိရသေးသော်လည်း ငွေကြေးအရှုပ်အရှင်းနှင့် ပတ်သက်ပြီး တိုင်ကြားခံရရာမှ ဖမ်းဆီးခံရသည်ဟု ဒေသခံတို့အကြား ပြောဆိုနေကြသည်။

    မော့ကနင်ရွာခံ အမျိုးသားတစ်ဦးက “သူတို့ မော့ကနင်လမ်းဝ အုပ်ချုပ်ရေးရုံးအနားမှာ ကွမ်းယာရောင်းနေတာ နှစ်အတော် ကြာကြာပဲ။ (အစိုးက) သူတို့ ယူထားတဲ့ အကြွေးတွေက များတယ်။ တိုင်ကြားဖို့ကျ အုပ်ချုပ်ရေးမှူး မရှိဘူးဆိုတော့ စစ်တပ်ကို တိုင်တော့ လာဖမ်းသွားတာ ဖြစ်တယ်” ဟု ပြောသည်။

    အချို့ကလည်း ဦးစိုးသည် ငွေကြေးအရှုပ်အရှင်းကိစ္စအပြင် တော်လှန်ရေးအဖွဲ့အစည်းနှင့် ပတ်သက်ခြင်းကြောင့် ဖမ်းဆီးခံရသည်ဟု ပြောဆိုမှုလည်း ရှိနေသည်။

    “သူတို့ မလွတ်သေးဘူး။ အဆက်အသွယ်လည်း မရဘူး။ သူတို့က ငွေကြေးကိစ္စ၊ ငွေကြေး အပေးအယူ အဆင်မပြေတာတွေအပြင် အခြားကိစ္စတွေလည်းပါတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    ဦးစိုး မိသားစုကို ခလရ ၁၀၆ တပ်ရင်းတွင် ထိန်းသိမ်းထားပြီး မည်သူနှင့်မျှ အဆက်သွယ်မရကြောင်း ဆိုသည်။

    ဒီဇင်ဘာလအတွင်း ရေးမြို့နယ်တွင် ဖမ်းဆီးခံရမှု ဆက်တိုက်ရှိနေပြီး ဒီဇင်ဘာ ၁၂ ရက်မှ သုံးရက်အတွင်း ရေးမြို့နယ်တွင် CDM ဆရာ/ဆရာမများအပါအဝင် ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူများကို စစ်မိန့်ဖြင့် ရက်ပိုင်းအတွင်း အပြီးသတ်အမိန့်ချလေ့ရှိကြောင်းနှင့် သက်သေမခိုင်လှုံမှုများကို ဖမ်းဆီးရမိပါက သက်ဆိုင်ရာ စစ်တပ်၊ရဲတပ်ဖွဲ့အဆင့်ဆင့်တို့အား ငွေကြေးသိန်းဆယ်ချီ ပေးဆောင်ပြီးမှသာ ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံတို့မှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မွန်ပြည်နယ်တွင် စစ်ကောင်စီထံဖမ်းဆီးခံရသူ ၁၃ ဦးရှိကာ ယခုနှစ် ၁၁ လတာကာလအတွင်း အရပ်သားပြည်သူ ၂၇၂ ဦး စစ်ကောင်စီထံ ဖမ်းဆီးခံထားရကြောင်း လဂွန်းအိမ်စာစဉ်၏ မွန်ဒေသ လူ့အခွင့်ရေးချိုးဖောက်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks