Home သတင်း စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျကွဲပြီး မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျကွဲပြီး မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က မော့ကနင်ကျေးရွာအနီး ကွမ်ကျိုက်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရေးမြို့နယ်အခြေစိုက် ခမရ-၅၈၈၊ အမတ-၃၁၇ နှင့် ခလရ-၁၀၆ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းလှမ်းပစ်ခဲ့သည်။

စစ်ကောင်စီတပ်ရင်းတို့မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများအနက် လက်ကြီးတစ်လုံးသည် ရေးမြို့နယ်၊ မြို့ဟောင်းကျေးရွာအနီး မွန်ပြည်သစ်ပါတီ (NMSP) မြို့နယ်ရုံးရှေ့တွင် ကျရောက်ပေါက်ကွဲမှုခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်သည့် ကွမ်ကျိုက်ကျေးရွာနှင့် မွန်ပြည်သစ်ပါတီ (NMSP) မြို့နယ်ရုံးနေရာသည် ဝေးကွာကြောင်း စစ်ကောင်စီတပ်ဘက် တမင်သက်သက် ပစ်ခတ်ခြင်းလား၊ မတော်တဆ ကျရောက်ပေါက်ကွဲခြင်းလားဆိုတာ မသိရသေးကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လက်နက်ကြီးကျလို့ မြို့နယ်အဆင့် တပ်စုမှူးနဲ့ ရဲဘော်တစ်ဦး ခြေထောက်တွေမှာ ကျည်စထိမှန်ဒဏ်ရာရသွားတယ်။ တပ်စုမှူးရဲ့ ဒဏ်ရာက နည်းပေမယ့် ရဲဘော်ထိသွားတဲ့ဒဏ်ရာက များတယ်” ဟု ၎င်းက ဆက်ပြောသည်။

ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိသည့် ရဲဘော်ကတော့ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူနေရကြောင်းလည်း ၎င်းက ဆိုသည်။

မော့ကနင်ကျေးရွာအနီး ကွမ်ကျိုက်ကျေးရွာတွင် ပူးပေါင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD)၊ YPDF ပူးပေါင်းတပ်ဖွဲ့တို့က ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ကွမ်ကျိုက်ကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် စုစုပေါင်း ၄ ဦး သေဆုံးပြီး၊ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိပြီး တပ်စခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.