မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် လောင်းကစားဝိုင်းများပြားလာပြီး လောင်းကစားဝိုင်းကြောင့် မြို့ပေါ်တွင် လုယက်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။
မော်လမြိုင်မြို့ပေါ်တွင် ရပ်ကွက်အလိုက် ကျင်းပပြုလုပ်နေသည့် ဆွမ်းကြီးလောင်းပွဲများနှင့်အတူ လောင်းကစားဝိုင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပလာကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ရာမညအားကစားကွင်းအရှေ့ဘက်၊ သာသနာ့ဗိမာန်လမ်းရှိ ဖရဲသီးအရောင်းဆိုင်တစ်ဆိုင်မှ ငွေကျပ် သိန်း ၃၀ ခန့် လုယက်လိုက်ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
မျက်မြင်မြို့ခံတစ်ဦးက “ဖဲရဲသီးဆိုင်ဖွင့်စအချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား (၂) ယောက်ရောက်လာတယ်။ တစ်ယောက် ဆိုင်ကယ်စက်နှိုးရင်းစောင့်နေတယ်။ နောက်တစ်ယောက်က ဖရဲသီးဆိုင်ထဲကို ဝင်ပြီးတော့ ပိုက်ဆံဝင်လုသွားတာ။ ပြီးတော့ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဖက်တန်းရပ်ကွက်၊ သထုံတံတားလမ်းရှိ ဆန်းသစ်ဦးရွှေဆိုင်တွင် လူလတ်ပိုင်းအမျိုးသားတစ်ဦးမှ ရွှေဝယ်မည်ဟုဆိုကာ ရွှေဆွဲကြိုး (၅) ကုံးအား လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သေးသည်။
ထိုရွှေဆွဲကြိုး လုယက်ထွက်ပြေးသွားသည့် အမျိုးသားကိုတော့ ရွှေဆိုင်လုံခြုံရေးဝန်ထမ်းတို့မှ အချိန်တိုအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး၊ ရဲစခန်းတွင် အပ်နှံလိုက်သည်ဟု ယင်းရွှေဆိုင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။
မော်လမြိုင်မြို့တွင် ယုယက်မှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ဒီဇင်ဘာလအတွင်းမှာပင် ယုယက်မှု ၆ ခုထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့က ပြောသည်။
ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများကြောင့် လုယက်မှုများ ပိုမိုများပြားလာသလို ရပ်ကွက်နေပြည်သူများလည်း စိတ်အနှောင့်အယှက်ဖြစ်ကြရသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“အခုက ရပ်ကွက်ဆွမ်းကြီးလောင်းပွဲတွေမှာ လောင်းကစားဝိုင်းတွေကို တရားဝင်ထည့်သွင်းပြီးတော့ လုပ်နေကြတော့ ခိုးဆိုးလုနှိုက်မှုတွေ များလာတာပေါ့။ အရင်က ဆွမ်းကြီးလောင်းပွဲဆိုရင် ပွဲရက်က အလွန်ဆုံး (၂) ရက်၊ (၃) ရက်လောက်ပဲရှိတယ်။ ခုက ရပ်ကွက်ဆွမ်းကြီးလောင်းပွဲတွေက တစ်ပတ် (၇) ရက်မကလုပ်နေကြတော့ ရပ်ကွက်နေပြည်သူတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ကြရသလို၊ စောစောက ပြောခဲ့သလို ခိုးဆိုး၊ လုယက်မှုတွေလည်း များလာတာပါ။ ရှေ့ရှောက် ပိုပြီး ဆိုးဝါးလာနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် ပြုလုပ်နေသည့် ဆွမ်းကြီးလောင်းပွဲများ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တရားဝင်ခွင့်ပြုချက်ပေးထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတို့ထံမှ သိရသည်။