ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ ဒေသခံတို့ ရက်ရှည်ကြာ စစ်ရှောင်နေစဉ် စားဝတ်နေရေး အခက်ခဲကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးတစ်ဝိုက် ခြံလုပ်ငန်း ဝင်ရောက်လုပ်ကိုင်လျှက်ပြီး မြေမြှပ်မိုင်း အန္တရာယ် စိုးရိမ်ရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတို့က ဆိုသည်။
အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လလယ်ခန့်မှစ၍ ရေး-သံဖြူဇရပ်ကားလမ်း အရှေ့ဘက် ရဲတံခွန်ကျေးရွာဘက်တွင် မြေမြှပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးထက်မနည်းရှိခဲ့သည်။
ဒီဇင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ တပ်ဆုတ်ထားသည့်အခြေအနေကြောင့် နှစ်ဖက်တိုက်ပွဲရပ်တန့်နေချိန် အကူအညီအထောက်အပံ့မှု တစ်စုံတစ်ရာမရှိသည့် စစ်ဘေးရှောင်တို့ တိုက်ပွဲဖြစ်ပွားသည့်နေရာအနီးတစ်ဝိုက် ရာဘာခြံတို့တွင် ရသမျှနည်းဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေခြင်းကြောင့် မြေမြှပ်မိုင်းအန္တရာယ် စိုးရိမ်စရာဖြစ်ကြောင်း အနန်းကွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။
“ တိုက်ပွဲနည်းနည်းငြိမ်တဲ့ အချိန်ဆို သူတို့တွေက ပြန်လိုက်၊ အလုပ်လုပ်လိုက်ဆိုတော့ မြေမြှပ်မိုင်း ကိစ္စကတော်တော်စိုးရိမ်ရပေမဲ့ ကိုယ်လည်းဘာမှ မကူညီပေးနိုင်တဲ့ အနေအထားဖြစ်နေတယ်၊ ပြီးတော့ တိုက်ပွဲကြောင့် လူမသိသူမသိသေဆုံးရတာတွေလည်း အများကြီးရှိတယ် ” ဟု ဆိုသည်။
စခန်းသိမ်းတိုက်ပွဲတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၁၅၀၀ ခန့်သည် မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး စသည့်မြို့နယ်ဘက်သို့ ပြောင်းရွှေ့နေထိုင်လျှက်ရှိပြီး အဆိုပါကျေးရွာအနီးအနားရှိ တောတောင် ကြားတွင် တိမ်းရှောင်နေထိုင်နေကြသည့် စစ်ဘေးရှောင်တို့ စားနပ်ရိက္ခာနှင့် ဆေးဝါးအထောက်အပံ့လိုအပ်လျှက်ရှိသည်။
အနန်းကွင်းဗျူဟာတိုက်ပွဲ အစောပိုင်းကာဖြစ်သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဒေသခံခြံလုပ်သား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး မြေမြှပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရပြီး လက်ရှိ ဒီဇင်ဘာလအတွင်း ဇီးနှစ်ပင်ရွာသား ၂ ဦးနှင့် သံဖြူဇရပ် ပငရွာ မှအမျိုးသား ၁ ဦး မြေမြှပ်မိုင်း နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ ဇီးနှစ်ပင်က မိုင်းနင်းမိထားတဲ့ ရွာသားနှစ်ယောက်ဆိုရင် အသက် ၂၀ ကျော်လူငယ်တွေပဲ။ ရာဘာခြံရှင်းလင်းနေချိန်မှာပဲ နှစ်ယောက်လုံးမိုင်းနင်းမိပြီ ဒဏ်ရာရခဲ့ကြတယ်။ တစ်ယောက်က နည်းနည်းပဲထိပေးမဲ့လည်း တစ်ယောက်က ခြေထောက်မှာ အများကြီးထိထားတယ်။ အသက်စိုရိမ်းရတဲ့အထိတော့ မဟုတ်ဘူးပေါ့နော်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
သို့သော် နောက်ဆုံးအကြိမ် မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ပင ဒေသခံသည် နေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးပြီး ၆ ရက်အကြာ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ မြေမြှပ်မိုင်းနင်းမိသည့်နေရာသည် စစ်ကောင်စီတပ်ဖွဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တို့လည်း လှုပ်ရှားသွားလာနေပြီး မြေမြှုပ်မိုင်းကို မည်သည့်အဖွဲ့မှ ထောင်ထားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။
၄ လ နီးပါးကြာသည်အထိ အနန်းကွင်း ဗျူဟာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အင်အားဖြည့်တင်ရန် ပိုမိုခက်ခဲလာသည့် စစ်ကောင်စီတပ်တို့သည့် ဒရုန်းအသုံးပြီး ပစ်ခတ်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေခြင်းကြောင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။