spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးတပ်ဖွဲ့အင်အားများဖြင့် တိုက်မှသာ အနန်းကွင်းဗျူဟာကုန်း ကျနိုင်မည်

    တော်လှန်ရေးတပ်ဖွဲ့အင်အားများဖြင့် တိုက်မှသာ အနန်းကွင်းဗျူဟာကုန်း ကျနိုင်မည်

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းရှိ အနန်းကွင်းဗျူဟာတပ်စခန်း မကျရေးအတွက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခုံခံတိုက်ခိုက်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဘက်ကလည်း အပြင်းအထန် ထိုးစစ် ဆင်နေသည့်အတွက် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

    အနန်းကွင်းဗျူဟာတပ်စခန်းသို့ အင်အားဖြည့်တင်ရန် ပိုမိုခက်ခဲလာသည့် စစ်ကောင်စီတပ်က ဒရုန်းအသုံးပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က အနန်းကွင်းဗျူဟာတပ်စခန်းအနီးရှိ ဇီးနှစ်ပင်ကျေးရွာနှင့် ပရောဟဲကျေးရွာကြား တော်လှန်ရေးပူးပေါင်းတပ်များ တပ်စွဲအခြေချထားသည့် နေရာကို စစ်ကောင်စီက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

    အနန်းကွင်းဗျူဟာတပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်ကစပြီး စတင်တိုက်ခိုက်ခဲ့သည်။

    အနန်းကွင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် နဂါးနီစစ်ကြောင်း၊ မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ ပူးပေါင်း ပါဝင်တိုက်ခိုက်နေသည်။

    အနန်းကွင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲသည် ၃ လကျော်ကြလာသည့်အထိ ပြင်းထန်နေဆဲဖြစ်သည်။

    စစ်ကောင်စီအတွက် အရေးပါသည့် အနန်းကွင်းဗျူဟာစခန်းတစ်ခု ဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ရန် မလွယ်ကူနိုင်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက သုံးသပ်သည်။

    “အခုလောလောဆယ်က အနန်းကွင်းမရောက်ခင် ဒီလွတ်ရှမ်းအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ပိုပြင်းထန် နေတယ်။ ပြောရရင် အနန်းကွင်း၊ စခန်းကြီးနဲ့ လွတ်ရှမ်းဘက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါသေးတယ်။ စစ်ကောင်စီဘက်ကလည်း အပြင်းအထန်ကို ခုခံတိုက်ခိုက်နေတယ်။ ‌တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း အပြင်းအထန် ထိုးစစ်ဆင်နေတယ်။ အထူးသဖြင့် ဝဲခမိ၊ စခန်းကြီးတွေမှာ အင်အားတွေ အများကြီး ဖြည့်ထားတယ်။ ဒီအနန်းကွင်းဗျုဟာစခန်းက နည်းနည်း အဆင့်မြင့်တဲ့အတွက် ကျဖို့ လွယ်ကူမယ်မထင်ဘူး” ဟု နိုင်နဂါးက ပြောသည်။

    ထိုင်း-မြန်မာနယ်စပ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းသည် စစ်ကောင်စီအတွက် အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချူပ် လက်အောက်ခံတပ်ရင်းများကလည်း အနန်းကွင်းဗျုဟာတပ်စခန်းကို လက်မလွှတ်ရရေးအတွက် ကြိုးပမ်း ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီ၏ ဗျူဟာကျသည့် ခုခံတိုက်ခိုက်မှုကြောင့် လွယ်ကူစွာ သိမ်းပိုက်နိုင်ခြင်း မရှိဟု ဆိုသည်။

    “ဒီအနန်းကွင်းကို ကရင်နဲ့ပူးပေါင်းတွေက တိုက်ခိုက်နေတာ ကြာပါပြီလေ။ ဒီတိုက်ခိုက်မှုက တခြားစခန်းသိမ်းတိုက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် တော်တော်ကို ခုခံနိုင်တာပဲ။ ဘာကြောင့် ဒီလိုမျိုး ခုခံနိုင်တာလဲဆိုတဲ့အချက်ကို ကျနော်တို့ စဉ်စားရမှာ ဖြစ်တယ်။ သာမန်ဗျူဟာလောက်ဆိုရင် ကျသွားတာ ကြာလှပြီ။ ကျနော်အမြင်အနေနဲ့ ဒီအနန်းကွင်းကို ဗျူဟာကျကျ လုပ်ထားတဲ့ သဘောရှိနိုင်တယ်။ သံဖြူဇရပ်ကနေ ဒီအနန်းကွင်းအထိကို သူတို့(စစ်ကောင်စီတပ်) အကြား ဆယ်သွယ်နိုင်မှု ကောင်းတဲ့ပုံပေါ်နေတယ်။ ကရင်နဲ့ပူးပေါင်းတပ်တွေက စစ်ကြောင်းမရောက်လာ အောင်လည်း ပိတ်ဆို့ထားတယ်။ ဒါပေမဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်ဆို့မရနိုင်တဲ့ အနေအထား ရှိတယ်။ ဒါကြောင့် စားရိက္ခာတွေက တစ်နည်းတစ်ဖုံးတော့ ဝင်ရောက်နေတဲ့ သဘောရှိနိုင်တယ်။ စစ်ကူတွေလည်း ဒီအနန်းကွင်းစခန်းထဲကို ရောက်အောင် ပို့ပေးနိုင်နေတုန်းပဲ။ အဲကြောင့် လွယ်လွယ်နဲ့ မကျနေတာ။ အရှေ့တောင်တိုင်းကလည်း ဒီဟာမကျဖို့အရေးကို ကြိုးပမ်းနေတယ်” ဟု အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

    အနန်းကွင်းဗျူဟာတပ်စခန်းကို လက်ရှိ တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများဖြင့် သိမ်းပိုက်နိုင်သည့်အခြေအနေ မရှိဘူးလို့လည်း အထက်ပါ လေ့လာစောင့်ကြည့်နေသူက သုံးသပ်သည်။

    အနန်းကွင်းဗျူဟာတပ်စခန်း သိမ်းပိုက်နိုင်ရေးသည် လက်ရှိ တိုက်ခိုက်နေသည့် အဖွဲ့အစည်းများအပြင် ဒေသတွင်း လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ NMSP-AD ကဲ့သို့သော အဖွဲ့အစည်းများနှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း တိုက်ခိုက်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။

    “ကရင်နဲ့ ပူးပေါင်းတပ်တွေအနေနဲ့ ပိတ်ဆို့တိုက်ခိုက်သွားဖို့ မွန်ပြည်သစ်ပါတီ AD ကို အကူအညီတောင်းခံရမှ ရနိုင်မယ်။ လမ်းတွေမှာ ကြားဖြတ်တိုက်ခိုက်တာ၊ စားနပ်ရိက္ခာ ဖြတ်တောက် တာတွေ တာဝန်ခွဲယူပြီး လုပ်ဆောင်မှ ရနိုင်မယ်။ ကရင်တပ်တစ်ခုအနေနဲ့ပဲ ပိတ်ဆို့တိုက်ခိုက်နေမယ်ဆိုရင် ကျနိုင်မယ် မထင်ဘူး။ သူတို့(စစ်ကောင်စီ) ကတော့ လှုပ်ရှားသွားလာလို့ ရနေတုန်းပဲ။ ဒါကြောင့် ကရင်တပ်အနေနဲ့ ဒါကို စဉ်စားရတော့မယ်။ ကိုယ်တစ်ခုတည်း သွားနေလို့မရဘူးဆိုတာ။ အဲအနီးတစ်ဝိုက်မှာက မွန်ပြည်သစ်ပါတီ AD ထိန်းချုပ်နယ်မြေလည်း ဖြစ်နေတယ်။ NMSP-AD အနေနဲ့ ဒါကို သူတို့(စစ်ကောင်စီ) သွားလာလို့ မရအောင် ဘယ်လိုပိတ်ဆို့တိုက်ခိုက်ရမလဲဆိုတာကို သူတို့ပဲ နားလည်နိုင်မယ်” ဟု အထက်ပါ လေ့လာစောင့်ကြည့်နေသူက ဆက်ပြောသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်ရှိ အနန်းကွင်းဗျုဟာတပ်စခန်း စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် ကာလအတွင်း အနန်းကွင်းရွာအပါဝင် အနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks