spot_img
Wednesday, February 5, 2025
More
    spot_img
    Homeသတင်း"တော်လှန်ရေးအဖွဲ့များကို ဒုတိယစစ်ကောင်စီ မဖြစ်စေလို''

    “တော်လှန်ရေးအဖွဲ့များကို ဒုတိယစစ်ကောင်စီ မဖြစ်စေလို”

    -

    စစ်တပ် အာဏာသိမ်းမှု၊ စစ်အစိုးရအဆက်ဆက်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အနိုင်ကျင့်အုပ်ချုပ်မှုများကို မလိုလားကြသည့်အတွက် ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး စစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် တော်လှန်ရေးအဖွဲ့အစည်း များစွာ ပေါ်ပေါက်လာခဲ့သည်။

    မွန်ပြည်နယ်၌လည်း စစ်တပ်အာဏာသိမ်းမှု လက်မခံပဲ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အသစ်များ ပေါ်ပေါက်လာခဲ့ပြီး အချို့မှာ အတော်အသင့်နာမည်ရလာသည်။

    ရေးဘီလူး

    မွန်ပြည်နယ် တော်လှန်ရေးအဖွဲ့ဟု ဆိုရာတွင် ရေးဘီလူးအဖွဲ့မှာ လူသိများသည်။ ရေးမြို့နယ်တကြောတွင် စစ်ကောင်စီသတင်းပေးများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိသလို စစ်ကောင်စီဂိတ်စခန်းများကိုလည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်​လေ့ရှိသည်။

    ပြည်တွင်း၊ ပြည်ပ ထောက်ခံအားပေးမှုများနှင့် ထောက်ပံ့မှုများ ရရှိနေသည့် ရေးဘီလူးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အထူးစစ်ဆင်​ရေး တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။

    ရေးဘီလူးအဖွဲ့သည် စစ်ဆင်ရေးတစ်ခုပြီးတိုင်း ရုပ်သံ၊ ဓာတ်ပုံများဖြင့် ပြည်သူကို အစီရင်ခံတင်ပြလေ့ရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်မှ အမျိုးသားတစ်ဦးကို သတ်ဖြတ်နေသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံလာခဲ့သည်။

    အဆိုပါ ရုပ်သံတွင် ရေးမြို့နယ် ကွန်ဒူးကျေးရွာမှ ဦးခေါင်းဖြူဆိုသူကို ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အရှင်လတ်လတ် ခုတ်ထစ် သတ်ဖြစ်နေသည့်ရုပ်သံ ဖြစ်သည်။

    စစ်တပ်သတင်းပေးဟုဆိုကာ ဦးခေါင်းဖြူကို ရေးဘီလူးအဖွဲ့က ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့သည်။

    “ဒါက စစ်ရာဇဝတ်မှုမြောက်ပါတယ်။ International Humanitarian Law အရ ဒလန်သတ်ဖြတ်တယ်ဆိုတဲ့နေရာမှာ အများကြီးသတိထားစရာတွေ ရှိနေပါတယ်။ စစ်တပ်ကို သတင်းပေးရုံနဲ့ သူဟာ စစ်ရေးပစ်မှတ်ဖြစ်မလာပါဘူး။ IHL အရ လက်နက်ကိုင် အချင်းချင်းကိုပဲ စစ်ရေးပစ်မှတ်အရ တိုက်ခိုက်နိုင်တာပါ။ ဒါကြောင့် အခုလုပ်ရပ်ကလည်း စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက မြန်မာမှာရော၊ ကမ္ဘာမှာပါ IHL ကို ကျင့်သုံးတဲ့အဖွဲ့က မရှိသလောက်ပါပဲ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အကြီးတန်းသုတေသီ မစ္စတာ ဒေးဗစ်မက်သီဆင်က ပြောသည်။

    ရေးဘီလူးအဖွဲ့၏ သတ်ဖြတ်မှု ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများလည်း မြင့်တက်လာသလို အရေးယူရန် တောင်းဆိုမှုများလည်း ရှိလာသည်။

    “ထောင်ချလို့ရတယ်လေ။ အကျဉ်းချလို့ရတယ် ဟုတ်တယ်မလား။ ဒီထက်လွန်ပြီးတော့ ဝါဒဖြန်တဲ့ပုံစံ လုပ်ပြတာတို့၊ လူ့အဖွဲ့အစည်းကနေ လက်သင့်ခံလို့မရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ စကစ နီးတူ ဆောင်ရွက်တဲ့ကိစ္စတွေကျတော့ ဘယ်လိုမှ လက်ခံလို့မရတော့ဘူး။ ဒီလိုမျိုး ဆက်ဖြစ်သွားမယ်ဆိုရင် ဒါက ကောင်းတဲ့လက္ခဏာမဆောင်ဘူး။ နယ်မြေအတွင်းမှာ ဒီထက်ပိုပြီးတော့ ရက်စက်မှုတွေ ဖြစ်လာတဲ့အခါကျရင် ဒါဟာ သရုပ်ပျက်တယ်။ ကျနော်မြင်တာကတော့ တော်လှန်ရေးရဲ့ပုံရိပ်ကို ထိခိုက်စေတယ်” ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်က မှတ်ချက်ပြုသည်။

    မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းအနေဖြင့်လည်း အဆိုပါဖြစ်စဉ်ကို မီးမောင်းထိုးကာ မွန်ပြည်နယ်ရှိ အခြားသော တော်လှန်ရေးတပ်ဖွဲ့များကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် ပတ်သက်ပြီး အသိပညာပေးမှုများ လုပ်ဆောင်မည်ဟု ဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ရေးဘီလူးအဖွဲ့ကို ခုံရုံးတင်စစ်ဆေးမည်ဟု ပြောဆိုသည်။

    “ကျနော်တို့ NUG ရဲ့မူဝါဒကတော့ ဘယ်သူမဆို ဥပဒေချိုးဖောက်တာ၊ ဥပဒေမဲ့လုပ်တဲ့ဟာတွေကို ကျောသား၊ ရင်သားမခွဲခြားဘဲ တရားဥပဒေအတိုင်း စီရင်ဖို့ မူဝါဒရှိပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင်လည်း တာဝန်ရှိတဲ့သူ ပြစ်မှုကျူးလွန်မှုတွေအတွက် ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်သလို အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ရှိပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

    သို့သော် အရေးယူနိုင်ရန် ဆောင်ရွက်ထားမှု အခြေအနေနှင့် နောက်ဆက်တွဲ ကိစ္စရပ်များကို ဖြေကြားနိုင်ခြင်းမရှိပေ။

    အရေးယူမှုအားနည်းနေသလား

    တော်လှန်ရေးတပ်ဖွဲ့များ ကြီးထွားလာခြင်းနှင့်အတူ တပ်ဖွဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တပ်ဖွဲ့ဝင်၊ ခေါင်းဆောင်တို့၏ ရာဇဝတ်မှုကျူးလွန်မှု ဖြစ်စဉ်များလည်း ထွက်ပေါ်လာနေသည်။

    တပ်ဖွဲ့ဝင်ခေါင်းဆောင်မှ လက်အောက်ငယ်သားများအပေါ် အနိုင်ကျင့်မှု၊ သတ်ဖြတ်မှု၊ တပ်ဖွဲ့ဝင်အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဒေသခံများအပေါ် ဖိနှိပ်မှု စသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်မှုများလည်း ရှိသည်။

    ပြီးခဲ့သည့် အောက်တိုဘာလကလည်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကုန်းသာရွာတွင် လယ်လုပ်သူ အရပ်သားနှစ်ဦးကို ခေါင်းဖြတ်ကာ ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်သည့် ဖြစ်စဥ်ပေါ်ပေါက်ခဲ့သည်။

    လူမှုရေးအရ မကျေမနပ်မှုများကြောင့် အရပ်သားအချင်းချင်း သတ်ဖြတ်မှုဟု သိရသော်လည်း တရားခံအဖြစ်သံသယ ရှိသူများတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များပါဝင်နေကြောင်း သိရသည်။ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့်အဖွဲ့က အဆိုပါလူသတ်မှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၇ ဦးအားဖမ်းဆီးခဲ့ရာ ၅ ဦးမှာ PDF များဖြစ်နေသည်။

    အဆိုပါ လူသတ်မှုဖြစ်စဥ်အတွက် သက်ဆိုင်ရာ ပကဖ များက NUG သို့ တင်ပြထားသော်လည်း ယနေ့အထိ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောကြသည်။

    “ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးဆိုတာက စကားပြောလာတယ်။ NUG က အစိုးရဖြစ်တယ်ဆိုပေမယ့် အဝေးကနေ ဆုံးဖြတ်ရတယ်။ ဒါက အခက်အခဲတစ်ခုပေါ့။ နောက်တစ်ခုက လက်နက်တွေက ရှိလာတဲ့အခါ တရားဥပဒေကိုမစောင့်ကြတော့ပဲ သတ်ဖြတ်တာတွေ၊ဗိုလ်ကျတာတွေဖြစ်လာတယ်။ NUG ကိုယ်တိုင်လဲသူ့တပ်တွေကိုသူမနိုင်တာ တွေ့ရတယ်။ ဟိုတလောကဆို အညာမှာ မုဒိမ်းကျင့်သတ်တဲ့လူကို NUG က အမိန့်ချတာကြာနေလို့ အဲဒီက ပကဖ က သေဒဏ်ချလိုက်တယ်တဲ့။ ဒါတွေက အန္တရာယ်ရှိပါတယ်။” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ထောက်ပြသည်။

    NUG အနေနှင့် အုပ်ချုပ်ရေးနယ်မြေများ ရှိလာသော်လည်း မြေပြင်တွင် ဥပဒေပြုရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ကြောင်း ထောက်ပြကြသည်။

    NUG နှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများက စစ်ဥပဒေနှင့် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် မူဝါဒများကို မကြာခဏဆိုသလို သတိပေးနေသော်လည်း မြေပြင်တွင်မူ လက်နက်ဖြင့် ချုပ်ကိုင်မှုသာ ကြီးထွားနေကြောင်း စောင့်ကြည့်လေ့လာနေသူများက ပြောကြသည်။

    ၎င်းပြင် တော်လှန်ရေးတပ်ဖွဲ့အားလုံးသည် စုဖွဲ့မှုတစ်ခုထဲ၏ လက်အောက်၌ မရှိနေခြင်းက ယခုကဲ့သို့ ဥပဒေမဲ့ ပြုကျင့်မှုများကို အထိန်းအကွပ်မဲ့နေစေကြောင်း ထောက်ပြကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts