Friday, March 13, 2026
More
    spot_img
    Homeသတင်းတပြည်နယ်လုံး တစ်ရက် နှစ်နာရီသာ လျှပ်စစ်မီးရနေချိန် စစ်ကောင်စီနှင့် နီးစပ်သူများ ၂၄ နာရီ မီးရရှိနေ

    တပြည်နယ်လုံး တစ်ရက် နှစ်နာရီသာ လျှပ်စစ်မီးရနေချိန် စစ်ကောင်စီနှင့် နီးစပ်သူများ ၂၄ နာရီ မီးရရှိနေ

    -

    မွန်ပြည်နယ်အတွင်း တစ်ရက် နှစ်နာရီခန့်သာ လျှပ်စစ်မီးရရှိနေချိန် စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းအပြင် ၎င်းတို့နှင့် နီးစပ်သူများ နေထိုင်သည့် ရပ်ကွက်တို့တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိနေသည်ဟု ဒေသခံပြည်သူတို့၏ ပြောပြချက်အရ သိရသည်။

    မော်လမြိုင်မြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာပြီး ဒီဇင်ဘာလအတွင်း၌ တစ်ရက် နှစ်နာရီခန့်သာ လျှပ်စစ်မီး ရရှိနေသည်။

    မော်လမြိုင်မြို့ပေါ်တွင် လေနာရီခြား အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးသွားမည်ဟု လျှပ်စစ်ဌာနက ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင် တစ်ရက် ၁/၂ နာရီဝန်းကျင်ခန့်သာ လျှပ်စစ်မီး ရရှိနေသည့်အပြင် ဝန်းအားလျှော့ချထားခြင်းကြောင့် သုံးစွဲ၍ မရသည့်အခြေအနေ ရှိသည်။

    “မီးပြတ်တာက ပိုဆိုးလာတယ်။ နိုဝင်ဘာအစပိုင်းဆိုကောင်းသေးတယ်။ လကုန်ခါးနီးနဲ့ အခု ဒီဇင်ဘာလမှာ ပိုဆိုးလာတယ်။ တစ်နေ့ကို ၂ နာရီ၊ ၁ နာရီလောက်ပဲရတယ်။ ၁ နာရီလောက်ရတယ်။ တခါတလေ ၁ နာရီတောင် မပြည့်ဘူး ပြန်ပျက်သွားတယ်။ ပြီးတော့ ညပိုင်းမှာ ပြန်လာတယ်။ နောက်ပြီး တောက်လျှောက် ပြန်ပျက်သွားတယ်” ဟု မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    ပြည်သူများ တစ်ရက် နှစ်နာရီခန့်သာ လျှပ်စစ်မီးရရှိနေချိန် စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းအပြင် စစ်ကောင်စီဝန်ထမ်းဟောင်း၊ အရာရှိဟောင်းနှင့် အငြိမ်စားဝန်ထမ်းအများစု နေထိုင်သည့် ရပ်ကွက်တို့တွင် လျှပ်စစ်မီး အချိန်ပြည့် ရရှိနေသည်။

    ထိုလျှပ်စစ်မီး အချိန်ပြည့် ရရှိနေသည့် ရပ်ကွက်တို့မှ ပြည်သူတို့က linemen နှင့် ပူပေါင်းပြီး လျှပ်စစ်မီး ခိုးယူတွယ်တန်းပေးနေသည်ဟု သိရသည်။

    “ရှယ်လိုင်းကနေ ခိုးပေးတာရှိတယ်။ linemen နဲ့ပေါင်းတယ်။ ပိုက်ဆံပေးပြီး ရှယ်လိုင်းနဲ့တွဲပေးတယ်။ ပိုက်ဆံပေးပြီး ရှယ်လိုင်းမာ ထည့်ပေးတာရှိတယ်။ သူတို့နဲ့သူတို့လူတွေပဲပေါ့၊ ဝန်းထမ်းဟောင်း၊ အရာရှိဟောင်း၊ အငြိမ်းစားတွေ အဲလိုတွေပေါ့၊ တွဲလဲ‌‌ပေါ်တင်တွဲထားတာမဟုတ်ဘူး။ ခိုးတွဲထားပေးတာပေါ့” ဟု အထက်ပါ မော်လမြိုင်မြို့ခံ ဆိုသည်။

    လျှပ်စစ်မီး လိုအပ်ချက်များနေချိန်တွင် ဓါတ်အားရရှိမှု တစ်ပြေးညီ မရှိသည့်အပေါ် နစ်နာမှုများသည်ဟု မြို့ခံတို့က ဆိုသည်။

    စစ်ကောင်စီမှ လျှပ်စစ်မီတာခ ၃ ဆအထိ တိုးမြှင့်ကောက်ခံထားသော်လည်း မွန်ပြည်နယ် မြို့ပေါ်ရပ်ကွက်အတွင်း လျှပ်စစ်မီးပြတ်တောက်ချိန် ပြီးခဲ့သည့် နိုင်ဝင်ဘာလထက် သိသိသာသာဆိုးရွားခဲ့ပြီး ကျေးရွာအဆင့်တွင် ရက်နှင့်ချီ မီးပြတ်တောက်နေသည်ဟု သိရသည်။

    မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၃၅ ရာခိုင်နှုန်းဝန်းကျင်သာ ဓာတ်အား ထုတ်နိုင်တော့သဖြင့် ရန်ကုန်၊ မန္တလေး အပါ အဝင် မြို့ကြီးများအားလုံးတွင် မီးပြတ်တောက်ချိန် အလွန်ကြာမြင့်လာကြောင်း လျှပ်စစ်ဝန်ကြီးဌာနသတင်းရင်းမြစ် ထုတ်ပြန်ချက်အရ သိရသည်။

    ယခုဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း၊ တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိသဖြင့် လက်ရှိ ထုတ်လုပ်နိုင်သော လျှစ်စစ်ဓာတ်အားမှာ ၃၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတော့ကြောင်း၊ ထို့ကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများအားလုံးတွင် မီးများ အလွန်ကြာမြင့်စွာ ပြတ်တောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks