spot_img
Thursday, December 19, 2024
More
    spot_img
    Homeမေးမြန်းချက်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ကြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်...

    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ကြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်တိုးတက်ရေးပါတီမှ ပ-ခေါင်းဆောင် နိုင်မျိုးတင့်လွင်နှင့် ဆက်သွယ်မေးမြန်း

    -

    လာမည့် ၂၀၂၅ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်ကောင်စီက ၎င်းတို့ ဖွဲ့စည်းထားသည့် အကြမ်းဖက်တိုက်ဖျက်မှု နှိမ်နင်းရေးအဖွဲ့များကို ရွေးကောက်ပွဲ လုံခြုံရေးအတွက် အသုံးပြုရန် ရှိနေသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီ ၅၁ ပါတီ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာများအပြင် နိုင်ငံရေးပါတီများ အိန္ဒိယနိုင်ငံကို သွားခဲ့သည့် ခရီးစဉ်အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

    အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ကြီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်တိုးတက်ရေးပါတီမှ ပ-ခေါင်းဆောင် နိုင်မျိုးတင့်လွင်နှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ ဆရာတို့တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အဓိက ဘယ်လိုအချက်တွေ ဆွေးနွေးဖြစ်တာလဲ။

    ဖြေ ။ ။ ဆွေးနွေးဖြစ်တာက ၄ ချက်ရှိတယ်ပေါ့။ (၁) က constitution ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲခြင်းအပိုင်း၊ (၂) က အိန္ဒိယကို သွားခဲ့တဲ့အဖွဲ့ရယ်။ (၃) က ပြည်ထောင်စုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးပေါ့။ နောက်ဆုံးက ရွေးကောက်ပွဲနဲ့ လုံခြုံရေးပေါ့နော် လာမဲ့ ၂၀၂၅ ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာတွေပေါ့ အားလုံးပေါင်း ၄ ချက်လောက်ရှိတယ်။ အဲဒီ ၄ ချက်မှာဆိုရင် အကြမ်းအားဖြင့် ဆွေးနွေးထားတာ အချက် ၇၂ ချက်လောက်ရှိတယ်။ အခြေခံဥပဒေပြင်ဆင် ရေးဆွဲရေးမှာ ၅ ချက်ရှိတယ်။ အိန္ဒိယကနေဆွေးနွေးခဲ့တဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ၁၁ ချက်ရှိတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ရေးမှာ ၂၇ ချက်နဲ့ ရွေးကောက်ပွဲနဲ့ လုံခြုံရေးမှာ ၃၀ ချက်လောက်ဆွေးနွေးထားတာရှိတယ်။ ဒါပေမဲ့လည်း အားလုံးကိုတော့ အတည်မပြုရသေးတော့ အသေးစိတ်အချက်အလက်ကို ပြောပြလို့မရသေးဘူးပေါ့လေ။

    မေး ။ ။ ဆိုတော့ အချက် ၄ ချက်ထဲမှာမှ ရွေးကောက်ပွဲနဲ့ လုံခြုံရေးကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေ ညွှန်ကြားပြောဆိုတာရှိလဲ။

    ဖြေ ။ ။ အကြမ်းအားဖြင့်အနေနဲ့ နိုင်ငံရေးပါတီတွေက ဆွေးနွေးကြတယ်ပေါ့။ ခြုံပြီးပြောရမယ်ဆိုရင် လုံခြုံရေးအပိုင်းမှာ အချို့က စစ်တပ်ကပေးတဲ့လုံခြုံရေးကို ကြိုက်တာရှိသလို မကြိုက်ကြတာလည်းရှိတယ်။ အများစုက အဲအကြောင်းကို ဆွေးနွေးတာများတယ်။ နောက်ဆုံးအပိတ်မှာ ဆွေးနွေးသွားတာက တစ်နိုင်ငံလုံးမှာ အကြမ်းဖက်တိုက်ဖျက်မှု နှိမ်နင်းရေး အသက် ၃၅ နဲ့ ၆၅ ကြားက အဖွဲ့တွေက အယောက် ၇ ထောင်လောက်ရှိတယ်။ အဲဒီအဖွဲ့ကဆို လက်နက်ကိုင်တဲ့အဖွဲ့လည်းမဟုတ်ဘူးပေါ့။ လက်နက်ကိုင ်လုံခြုံရေးအဖွဲ့က ၃ ထောင်လောက်ရှိမယ်။ သူတို့တွေက သင်တန်းဆင်းပြီးသားတွေပေါ့နော် ဆိုတော့ အဲဒီ သင်တန်းဆင်းအဖွဲ့ အယောက် ၁၀၀၀ နဲ့ လုံခြုံရေးပေးသွားမယ်ပေါ့။ ဒါ့အပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း လုံခြုံရေးဝိုင်းလုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဝိုင်းဝန်းပါဝင်လို့ရတယ်ပေါ့နော် သင်တန်းလည်းပေးမယ်။ လစာပေးမယ်ပေါ့။ ခေါင်းစဉ်က အကြမ်းဖက်တိုက်ဖျက်မှု နှိမ်နင်းရေးအဖွဲ့ပေါ့ သူတို့ဝတ်စုံက စစ်ဝတ်စုံတော့မဟုတ်ဘူး။ အပြာရောင်လား၊ မိုးပြာလား၊ အဲဒါတွေဖြစ်မယ်။ သူတို့တွေက ရွေးကောက်ပွဲအတွက် လုံခြုံရေးပေးသွားမယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီက ပြောတယ်ပေါ့နော်။

    မေး ။ ။ နိုင်ငံရေးပါတီတွေ လုံခြုံရေးနဲ့ ပတ်သတ်ပြီး လက်ရှိကြုံနေရတဲ့ကိစ္စရယ် စကစက လုံခြုံရေးအပိုင်း ဘယ်လိုဝိုင်းဝန်းဆောင်ရွက်ပေးသွားဖို့ရှိလဲ။

    ဖြေ ။ ။ လက်ရှိအခြေအနေကိုတော့ သေသေချာချာပြောထားတာ မရှိသေးပါဘူး။ အချို့နိုင်ငံရေးပါတီတွေပြောတာက လွှတ်တော်လည်း ခေါ်လို့မရသေးဘူး။ အခြားလည်း လုပ်လို့မရသေးဘူးဆိုရင် မလုပ်သေးဖို့နော်၊ နိုင်ငံရေးအခန်းကဏ္ဍ ကျဉ်းမြောင်းအောင်လုပ်ပြီး။ နိုင်ငံရေးပါတီတွေအတွက် ဘာမှလည်း လုပ်မရဘူး လုံခြုံရေးလည်း ဘာမှမပေးနိုင်သေးဘူး။ ပြီးတော့ ပါတီစည်းရုံရေးလုပ်ဖို့လည်း ဘယ်သူမှ စိတ်မဝင်စားနေတော့ ဒီကုန်ဈေးနှုန်းမြင့်ပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းနေတဲ့အချိန်မှာ၊ ရွေးကောက်ပွဲ ဘာမှမလုပ်သေးဖို့လည်း ပြောကြတယ်ပေါ့။ ရွေးကောက်ပွဲကလည်း နိုင်ငံရေးထွက်ပေါက်မဟုတ်ဘူးလို့လည်း ပြောကြတယ်ပေါ့။ ဒါပေမဲ့ ရုရှား၊ ယူကရိန်းနှင့် ထိုင်းက အကယ်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် သူတို့က ကူညီမယ်ပေါ့။ လာမဲ့ ၂၀၂၅ ရွေးကောက်ပွဲကို၊ သူတို့ပြောကြားချက်အရဆို လုပ်တာတော့ ဖြစ်အောင်လုပ်မယ်ပေါ့ ၂၀၂၅ နိုဝင်ဘာမှာပေါ့လေ။

    မေး ။ ။ နိုင်ငံရေးပါတီတွေဘက်က ဘာတွေတင်ပြ ဆွေးနွေး တောင်းဆိုတာရှိလဲ။

    ဖြေ ။ ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အကြောင်းကိုတော့ ပိုဆွေးနွေးဖြစ်တယ်။ ရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးတာက ၁၇ ဖွဲ့ရှိတယ်။ ထူးခြားတာက ရွေးကောက်ပွဲ အပိုင်းလိုက်ကျင်းပဖို့က သေချာသလောက်ရှိတယ်။ အဲလိုအပိုင်းလိုက်ကျင်းပတဲ့အခါမှာ တိုင်းနဲ့ ပြည်နယ် ခုနှစ်ခုလောက်က မပါဘူး။ တနင်္သာရီတိုင်းတို့မပါဘူး။ ဆွေးနွေးပွဲမှာ ပြောတာတော့ မဟုတ်ဘူးပေါ့လေ။ lobby (ဧည့်ခန်း) ခန်းတွေမှာ ပြောကြတာပေါ့။ ရွေးကောက်ပွဲကော်မရှင်ကလည်း PR နဲ့သွားမလား၊ FPDP နဲ့သွားမလား၊ နှစ်ခုပေါင်း ပုံစံနဲ့ သွားမလားဆိုတာလည်း မသေချာဘူး။ ဖြစ်နိုင်တာက အမျိုးသားလွှတ်တော်က PR နဲ့ သွားပြီး ပြည်သူ့လွှတ်တော်က FBDP နဲ့ သွားမယ်ပေါ့လေ။ ဒါကလည်း အသေအချာ အတည်မပြုနိုင်သေးဘူး။ နောက်တစ်ခု ကျနော်တို့ဘက် တင်ပြတာက အရေးပေါ် ဥပဒေပြဌာန်းချက်တစ်ခုပေါ့လေ။ ရွေးကောက်ပွဲမတိုင်ခင်ရော ရွေးကောက်ပွဲမှာရော အကြမ်းဖက်ဖို့ လုပ်ဆောင်လာနိုင်တဲ့အခြေအနေတွေကို ရှင်းလင်းဖို့ ဥပဒေတစ်ခု ထွက်နိုင်ဖို့ပေါ့။ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး မပြုနိုင်ဖို့ ပြဌာန်းချက်တစ်ခု လုပ်နိုင်ဖို့ပေါ့။ အဲဒီအချက်ကို အားလုံကကလည်း သဘောတူတယ်ပေါ့။ ရွေးကောက်ပွဲကို အကြမ်းဖက်မဲ့သူ၊ အပြစ်တင် အပုတ်ချမှုတွေ ရှိလာမယ်ဆိုတော့ သူတို့ဘက်ကလည်း အရေးပေါ်ပြဌာန်ချက်တစ်ခု အချိန်မီ ထုတ်နိုင်ဖို့ ကြိုးစားမယ်ပေါ့။

    မေး ။ ။ မွန်တိုးတက်ရေးပါတီအနေနဲ့ လတ်တလော ရွေးကောက်ပွဲ ပြင်ဆင်ဆောင်ရွက်မှုအတွက် ဘာတွေလှုပ်ရှားနေတာရှိပါသလဲ။

    ဖြေ ။ ။ မွန်တိုးတက်ရေးပါတီက နည်းဥပဒေအရက မွန်ညီညွတ်ရေးပါတီနဲ့ တူတူပဲပေါ့လေ။ ကရင်ပြည်နယ် မြို့နယ် ၅ မြို့နယ်ဖြစ်တဲ့ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ လှိုင်းဘွဲ့ကို အခြေခံပြီးတော့ ရုံးဖွင့်ဖို့ ဆောင်ရွက်နေဆဲပါ။ ပြီးတော့ ဗဟိုတ်အလုပ်မှုဆောင်အဖွဲ့ ၁၅ ဦးရဲ့ စာရင်းကိုလည်း UEC မှာ တင်ထားတယ်။ ဗဟိုကော်မတီနဲ့ ပါတီအဖွဲ့သားတွေကိုတော့ ပြည်နယ် UEC ကိုပဲ တင်ရမှာလေ။ ဒါကိုလည်း ပြင်ဆင်နေဆဲပဲ စာရင်းတော့ မတင်ရသေးဘူး။ အချို့ ကြာအင်းဆိပ်ကြီးဘက်က ပါတီအဖွဲ့သားတွေနဲ့ ကျနော်တို့ အဆက်သွယ်ပြတ်နေတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရတာလည်းပါတယ်။ နောက်တစ်ခုက ကော့ကရိတ်ဘက်မှာဆို လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကိုလည်း ကောက်မရနေတာအပြင်၊ ကျနော်တို့အနေနဲ့လည်း လှုပ်ရှားရတာ ရွေးကောက်ပွဲပြင်ဆင်ဆောင်ရွက်တာနဲ့ ပတ်သတ်ပြီး ခက်ခဲတာတွေရှိတယ်။ အခြေားစိန်ခေါ်မှုတွေလည်း အများကြီးရှိတယ်ပေါ့။

    မေး ။ ။ လက်ရှိ နိုင်ငံရေးဘောင်ကျဉ်းပြီး လက်နက်ကိုင် တိုက်ပွဲပိုကျယ်ပြန့်နေတဲ့ကာလမှာ မွန်တိုးတက်ရေးပါတီအနေနဲ့ ရှေ့ဆက် ဘယ်လိုရပ်တည်သွားမလဲ။

    ဖြေ ။ ။ ကျနော်တို့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ခြေခံဥပဒေကို ကြိုးစားပြင်ဆင်နေပေမဲ့လည်း သူ့ရဲ့အဓိကအချက်က အခုထိ မရှိသေးဘူး။ အဓိကအချက်က ဘာလဲဆိုတာ မရှိသေးတာ တစ်မျိုးရယ်။ တရားဝင် မွန်နိုင်ငံရေးပါတီတည်ရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံကလည်း အတည်တကျမရှိနေဘူး။ ကျုံ့နိုင်၊ ဆန့်နိုင်ဖြစ်နေတယ်။ ဥပမာ အာဏာသိမ်းတာပဲ ပြောပြော အာဏာထိမ်းတဲ့အဖွဲ့ပဲပြောပြော သူတို့က ကျနော်တို့ သိတဲ့ ၆ လ သက်တမ်းတိုးတာက ၂ ခါပဲ လုပ်ခွင့်ရှိတယ်ပေါ့။ ဒါပေမဲ့ အခုက ဘယ်နှစ်ကြိမ်ရှိနေမှန်းလဲတောင်မသိတော့ဘူး။ ကန့်သတ်ချက်တောင်မရှိနေဘူး။ အဲတော့ ၂၀၀၈ ဖွဲ့စည်းပုံက ခိုင်ခိုင်မာမာ မရှိနေဘူး။ လုပ်ချင်သလို လုပ်ခွင့်ရနေတဲ့ပုံဖြစ်နေတယ်။ ခိုင်ခိုင်ခံ့ခံ့မရှိနေဘူးဆိုတော့ ဒီမိုကရေစီအရေးကလည်း နည်းမကျဘူးပေါ့။ အဲတော့ လက်နက်ကိုင် ရှင်းထုတ်နိုင်လား။ ရှင်းနိုင်ဖို့လည်း မသေချာတဲ့ အခြေအနေမှာ မှတ်ပုံတင်နဲ့ တရားဝင် နည်းဥပဒေအရနဲ့ အဲတာတွေကို ဝိုင်းဝန်းဖြေရှင်းသွားဖို့ပါ။ နောက်တစ်ခုက မွန်ပါတီတွေ မရှိတော့ဘူးဆိုရင် အခြားပါတီတွေ အစားထိုးဝင်လာမှာပဲ အဲ့ခါကျရင် ကိုယ့်မွန်လူမျိုးတွေက အခြားဘက်ကို ပါသွားမယ်။ ရှင်းရှင်းပြောရရင် အခုကျနော်တို့ လှုပ်ရှားခဲ့တဲ့ ဘားအံဘက်မှာဆိုရင် မွန်အများစုက ကရင်ပါတီတွေဘက်မှာပဲ ရှိကြတော့တာ။ အဲဒါကြောင့် မွန်နိုင်ငံရေး ဆက်လက်အသက်ဝင်ဖို့ကို ရပ်တည်သွားမှာပါ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,300SubscribersSubscribe
    spot_img

    Latest posts