spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက ဖမ်းဆီးသွားသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး ထက်မနည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေ

    စစ်ကောင်စီက ဖမ်းဆီးသွားသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး ထက်မနည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေ

    -

    မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦး ထက်မနည်း ယနေ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်ဟု ဖမ်းဆီးခံရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့နှင့် နီးစပ်သူတို့၏ ပြောဆိုချက်အရ သိရသည်။

    မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် သံဖြူဇရပ်မြို့နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ပြီးခဲ့သည့် ဇွန်လနှင့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ထိုဖမ်းဆီးခံရသူများအနက်မှ အချို့က ငွေကြေးအမြောက်အများပေးပြီး ပြန်လည်လွတ်လာသူရှိသလို အချို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူများလည်း ရှိနေသည်။

    “ပြန်လွတ်လာတဲ့သူတွေက ပိုက်ဆံပေးထားရတယ်။ တစ်ယောက်ကို သိန်း ၅၀ အထက်လောက်တော့ရှိမယ်။ ၃ ယောက်ကိုတော့ တော်လှန်ရေးသမားတွေကို လက်နက်ထောက်ပံ့နေတာ၊ သူတို့တွေနဲ့ ဆက်စပ်နေတာပေါ့။ အဲဒါနဲ့ အမှုဖွင့်ထားတော့ ပိုက်ဆံပေးလည်း ပြန်မလွတ်ဘူးပေါ့” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် ကျိုက်ထိုနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ဖမ်းဆီးခံရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ ၇ ဦးက မိသားစုဝင်တို့နှင့် အဆက်အသွယ် မရရှိသည့်အပြင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမသိရကြောင်း မိသားစုဝင်နှင့်နီးစပ်သူတို့က ဆိုသည်။

    “သူတို့နဲ့ တွေ့ခွင့်လည်း မရှိဘူး။ မိသားစုနဲ့တောင် ပေးမတွေ့ဘူး။ ဘယ်မှာ ထားထားတာလဲဆိုတာလည်း သေချာမသိဘူး။ ကြားသလောက်တော့ မော်လမြိုင်မှာတဲ့။ ၄ ယောက်ထဲမှာ ၁ ယောက်ကို ထောင်ချလိုက်တယ်လို့ကြားတယ်” ဟု ဖမ်းဆီးခံထားရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင်နှင့် နီးစပ်သည့် ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ စစ်ကောင်စီတပ်ဘက်က စစ်ဆေးစဉ် ရိုက်နှက်မှုများရှိနေသည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    သံဖြူဇရပ်မြို့အခြေစိုက် “ပိုင်ရှင်မဲ့”လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင် ၈ ဦးကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ပြီးနောက် အဖွဲ့ဝင် ၅ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် ၃ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်။

    အလားတူ ကျိုက်ထိုအခြေစိုက် “ကော့စနိုင်” လူမှုကူညီရေး အဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် နိုဝင်ဘာလကုန်ပိုင်းခန့်က နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပြီး ကျန်အဖွဲ့ဝင်များ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

    မွန်ပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားမှုအားကောင်းသည့် ရေး၊ သံဖြူဇရပ်၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်းက လူမှုကူညီရေးအဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့တိုနှင့် ဆက်သွယ်ခြင်း၊ သတင်းပေးခြင်း၊ ထောက်ပံ့ခြင်းဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့တို့က ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်ခဲ့သည်။

    ထိုသို့သော်အခြေအနေကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ ၎င်းတို့၏ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ရပ်နားလာရသည်အထိ ဖြစ်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks