မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ အသက်အန္တရာယ်စိုးရိမ်နေရသည့်အခြေအနေကြောင့် တာဝန်မှ နုတ်ထွက်ရန် စီစဉ်နေကြကြောင်း နီးစပ်သူတို့ထံမှ သိရသည်။
ရေးမြို့နယ်အတွင်း စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာသည့်အပြင် မြို့နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူများနှင့် အဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်ဖြစ်စဉ်၊ သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များလည်း ဆက်တိုက် ရှိခဲ့သည်။
“မိုးကုန်တော့ ရေးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတာမျိုးတွေရှိသလို၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို တော်လှန်ရေးအဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ရင် သတ်ဖြတ်ပစ်တာမျိုးတွေရှိနေတော့ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေဖြစ်နေကြတယ်။ တချို့ဆို ညဘက်နေရာပြောင်းအိပ်တာမျိုးတွေအထိတောင် ရှိနေကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လတ်တလောတွင် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့က လူတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ရုပ်သံဖိုင်တစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပိုပြီး စိုးရိမ်ထိန့်လန့်မှု ရှိလာခဲ့သည်။
တဘက်တွင်လည်း ရေးမြို့နယ်အတွင်း လုံခြုံရေးအခြေအနေ အားနည်းနေခြင်းကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ကြရန် ကြိုးစားလာခြင်းဖြစ်ကြောင်းလည်း သုံးသပ်ပြောဆိုမှုလည်း ရှိနေသည်။
“အကြောင်းတစ်စုံတစ်ခုဖြစ်လာရင်လည်း စစ်တပ်တို့၊ ရဲတို့က အချိန်မီလာပြီး အကာအကွယ်မပေးနိုင်ကြတော့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ကလည်း အကာအကွယ်မဲ့သလို ခံစားနေကြရတာမျိုးတွေလည်း ရှိနေတယ်။ အဲ့ဒီအပြင်ကို ရေးဘီလူးအဖွဲ့က ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်တွေကို ကြည့်ပြီးကြတော့ လက်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့က လူတွေကို သူတို့ရဲ့ မိသားစုဝင်တွေကအစ နုတ်ထွက်ဖို့ ဖိအားပေးပြောဆိုနေကြတာမျိုးတွေရှိနေတယ်” ဟု ရေးမြို့ခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ရေးဘီလူးအဖွဲ့က ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အာယုတောင်အုပ်ချုပ်ရေးမှူး ဦးလင်းဦး သေဆုံးသွားခဲ့ပြီး အရပ်သား နှစ်ဦးအပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယခုနှစ်တွင် မွန်ပြည်နယ်အတွင်း လုပ်ကြံပစ်ခတ် သတ်ဖြတ်မှုများကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ၆၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။