Thursday, March 12, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီနှင့် နိုင်ငံရေးအရဆွေးနွေးရန်လိုလားကြောင်း MNDAA ထုတ်ပြန်

    စစ်ကောင်စီနှင့် နိုင်ငံရေးအရဆွေးနွေးရန်လိုလားကြောင်း MNDAA ထုတ်ပြန်

    -

    တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်အားလုံးကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA က ဒီဇင်ဘာလ ၃ ရက်နေ့ညက ထုတ်ပြန်သည်။

    စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည်ဆိုပါက MNDAA ဘက်မှ အဆင်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ကာ စစ်ကောင်စီနှင့် ပဋိပက္ခများ၊ အမြင်သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်မည်ဟု ဆိုထားသည်။

    ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ကာ MNDAA က အပစ်အခပ်ရပ်စဲမည်ဖြစ်ပြီး စစ်ကောင်စီကို အစပြုထိုးစစ်ဆင်မှုများ လုပ်ဆောင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

    “ဒီနေ့ပဲ လားရှိုးမှာ နိုင်ငံတော်အလံကို ပြန်တင်တယ်။ မထူးဆန်းဘူးဆိုပေမဲ့ ဒါက သူတို့ဘက်က အသိအမှတ်ပြုပါတယ်။ ငြိမ်းချမ်းရေးကို လိုလားပါတယ်ဆိုတာကို ပြတဲ့သဘောပါပဲ။ ဒါပေမဲ့ တောင်းဆိုထားတဲ့ တစ်နိုင်ငံလုံးမှာ အပစ်အခတ်ရပ်ရမယ်ဆိုတာက စစ်တပ်က ဒါကိုလိုက်နာမယ်မထင်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး ဆိုသည်။

    တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် စစ်ကောင်စီက နိုင်ငံအနှံ့တွင် ဖော်ဆောင်နေသည့် ဝေဟင်၊ မြေပြင်ထိုးစစ်များကို ရန်ဆိုင်းပေးရမည်ဟု MNDAA က ဆိုထားသည်။

    ၎င်းပြင် MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို ထောက်ခံအားပေးသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ကို ဆက်လက် ကိုင်ဆွဲထားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “လားရှိုးကို ပြန်ပေးမယ်လို့ ကျွန်တော်မထင်ဘူးဗျ။ ပြန်ပေးလိုက်ရင် MNDAA အပြင် ပလောင်တွေလဲ ထိမှာ။ အဲ့တာအပြင်ကို သူတို့ရဲ့ဌာနချုပ်တွေပါ ထိပါးလာနိုင်တယ်လို့ MNDAA ဘက်က မြင်မှာပဲလေ။ အများဆုံး ဖြစ်နိုင်တာကတော့ သူတို့က ညှိနှိုင်းဖို့ လမ်းဖွင့်ထားပါတယ်။ မြို့တွေကို ပြန်မပေးနိုင်ရင်တောင် နယ်စပ်ဂိတ်တွေလောက် ပြန်ပေးမယ်လို့ ယူဆရတယ်” ဟု တအာင်းစစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန်လည်အသက်ဝင်လာခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို တရုတ်အစိုးရဘက်မှ မနှစ်သက်ပေ။

    ထိုအချိန်တွင် MNDAA က လားရှိုးမြို့ကို သြဂုတ်လအတွင် သိမ်းပိုက်ကာ အထိုင်ချလိုက်သည့်နောက် တရုတ်ပြည်မှ ကိုးကန့်ဒေသသို့ စီးဆင်းနိုင်သည့် ကုန်စည်လမ်းကြောင်းများကို ပိတ်ပြီး တရုတ်ကဖိအားပေးသည်။

    တရုတ်နိုင်ငံသို့ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင် သွားရောက်ဆေးကုသရာက ပြန်မလွှတ်ဘဲ တရုတ်ဘက်က အကျယ်ချုပ် ထိန်းသိမ်းထားသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    ၎င်းပြင် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက နေ့ညမပြတ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်စစ်ကြောင်းဖြင့်လည်း ပြန်လည်ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေသည်။

    ၁၀၂၇ စစ်ဆင်ရေးဒုတိယအပိုင်းကို ဖော်ဆောင်ခဲ့သည့် MNDAA အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလည်း ပြီးခဲ့သည့် နိုဝင်ဘာလတွင် အလားတူ နိုင်ငံရေးအရဆွေးနွေးရန်အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့သေးသည်။

    တရုတ်၏ ပထမအကြိမ် ကြိုးပမ်းခဲ့မှုဖြစ်သည့် ဟိုင်ဂင်သဘောတူညီချက်တွင် တိုက်ပွဲများ ရောက်ရာဒေသ၌ပင် ရပ်တန့်ခဲ့ရ၍ စစ်ကောင်စီက ချင်းရွှေဟော်ဒေသကို MNDAA ထံ ပြန်ပေးလိုက်ရသည်။

    ယခုအချိန်တွင် ညှိနှိုင်းပါက လားရှိုးကို ပြန်မရမည်စိုးသောကြောင့် စစ်ကောင်စီဘက်မှ ဆွေးနွေးပွဲကို လက်ခံနိုင်ချေနည်းပါးကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks