spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းတရုတ်နယ်စပ်ဂိတ် ပိတ်၍ ကချင်နှင့် ရှမ်းမြောက်ဒေသခံများ အခက်ကြုံ

    တရုတ်နယ်စပ်ဂိတ် ပိတ်၍ ကချင်နှင့် ရှမ်းမြောက်ဒေသခံများ အခက်ကြုံ

    -

    မြန်မာ – တရုတ် နယ်စပ်ဂိတ်များကို တရုတ်ဖက်က ပိတ်ထားခြင်းကြောင့် နယ်စပ်တစ်လျှောက်ရှိ ဒေသခံများက အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတို့က ပြောသည်။

    လက်ရှိ ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုင်တည်၊ လွယ်ကျယ် နယ်စပ်ဂိတ်များကို တရုတ်က ပိတ်ထားခြင်းကြောင့် မြစ်ကြီးနားအပါအဝင် အခြားသော မြို့များလည်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။

    “ခက်ခဲတာတော့ အကုန်လုံး နယ်စပ်မကပါဘူး။ မြို့ကြီးမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အကုန်လုံးက အခက်အခဲနဲ့ ကြုံနေရပါတယ်။ မြစ်ကြီးနားမှာဆိုရင်လည်း ဓါတ်ဆီ ၁ လီတာ တစ်သောင်းကျော်တယ်ဗျာ။ ၁ ဂါလံဆိုရင်တော့ တစ်သိန်းနီးပါးတော့ ရှိမှာပေါ့။ မကြုံဖူးတဲ့အဆင့်မျိုးတော့ တက်နေတဲ့သဘောတော့ တွေ့နေရတယ်။ ဈေးနှုန်းတွေကလည်း ခေါင်ခိုက်နေတာပေါ့။ အကုန်လုံးတော့ အခက်အခဲတော့ ကြုံနေတယ်။ ဒီလိုပဲ ရှေ့ဆက်သွားရင်တော့ လူတွေကတော့ အတိဒုက္ခနဲ့ ကြုံနေရမှာပဲ” ဟု ၎င်းဒေသခံက ပြောသည်။

    ညီနောင်မဟာမိတ် ၃ ဖွဲ့ (TNLA၊ MNDAA၊ AA) က ထိန်းချုပ်ထားသည့် မြန်မာ- တရုတ်နယ်စပ် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်များကို တရုတ်ဘက်က ဇူလိုင်လကတည်းက ပိတ်ထားခဲ့သည်။

    အလားတူ ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားသည့် ကန်ပိုက်တည်၊ လွယ်ကျယ်၊ လိုင်ဇာနှင့် ပန်ဝါမြို့ရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်က ပိတ်လိုက်ခြင်းဖြစ်သည်။

    MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ခံတစ်ဦးက “စက်သုံးဆီတွေတော့ ရနေတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် ဈေးနှုန်းက တက်နေတာပေါ့” ဟု ပြောသည်။

    လက်ရှိတွင် ဆန်၊ စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်မီး၊ အင်တာနက်လိုင်းများကို တရုတ်ဘက်က ဖြတ်တောက်ထားပြီး လူအဝင်အထွက်လည်း ကန့်သတ်ထားကြောင်း သိရသည်။

    KIA သိမ်းပိုက်ထားသည့် နယ်စပ်ကုန်သွယ်ရေးများကို တရုတ်ဘက်က ပိတ်ထား၍ နယ်စပ်တစ်လျှောက် ကုန်သွယ်၍ မရကြောင်း မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။

    “ကြာပြီ ကျနော်တို့ဖက်မှာ (ကချင်ပြည်နယ်) ဖက်မှာဆိုရင် အခုနောက်ဆုံးပိတ်တာကတော့ ကန်ပိုင်တည်ပေါ့ဗျာ။ ကန်ပိုင်တည်ဖက်ကနေ ပိတ်တာပေါ့။ အဲဒီအရင်တုန်းကဆိုရင် လွယ်ကျယ်ဂိတ်ကို KIA သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒါတွေက ပိတ်နေတဲ့ သဘောမျိုးဖြစ်ပါတယ်။ နယ်စပ်တွေကတော့ တစ်လျှောက်လုံး ဘာမှ ကုန်သွယ် ဖြတ်သန်းလို့ရတဲ့ အခြေအနေမျိုးတော့ မတွေ့ရပါဘူး” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလက စစ်ကောင်စီ ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ရေး ကိစ္စရပ်များနှင့် နယ်မြေတည်ငြိမ်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

    တရုတ် – မြန်မာ နယ်စပ်ဂိတ်များကို ထိန်းချုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် တရုတ်က ဖိအားပေးလျက်ရှိနေကြောင်း နိုင်ငံရေး အကဲခတ်များက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks