Thursday, March 12, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးတွင် တစ်ရက် ၃ နာရီခန့်သာ အင်တာနက်လိုင်းရရှိနေ

    ကြာအင်းဆိပ်ကြီးတွင် တစ်ရက် ၃ နာရီခန့်သာ အင်တာနက်လိုင်းရရှိနေ

    -

    စစ်ကောင်စီမှ သတင်းစီဆင်းမှုနှောင့်နှေးစေရန် ရည်ရွယ်ပြီး အင်တာလိုင်းအားလျော့ချမှု ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ကြာအင်းဆိပ်ကြီးတွင် တစ်ရက်လျှင် အင်တာနက်လိုင်း ၃ နာရီခန့်သာ ရရှိနေသည်ဟု သိရသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးတင်းမာနေသည့်အချိန်တိုင်း အင်တာနက်လိုင်း ဖြတ်တောက်ခံနေရသော်လည်း ပြီးခဲ့သည့် နိုင်ဝင်ဘာလအတွင်း ပုံမှန်နေ့စဉ် အင်တာနက်လိုင်းအကန့်အသတ်ဖြင့်သာ ရရှိနေသည်ဟု ဒေသခံတို့က ဆိုသည်။

    “လိုင်းရတယ်ဆိုတာက မနက်ပိုင်းတစ်ချက်ပဲရတယ်။ မနက်ပိုင်း ၆ နာရီကနေ ၈ နာရီကြာ အဲအချိန်ပဲ လိုင်းသုံးစွဲလို့ရတယ်။ အဲ့နောက်ပိုင်းဆို လိုင်းအားက လျော့လျော့လာပြီးတော့ ညနေပိုင်းရောက်လာပြီးရင် VPN တွေ ဖွင့်လို့မရတော့တဲ့အထိ လိုင်းက သုံးလို့မရတော့ဘူး။ တချို့ရွာတွေက လုံးဝပြတ်တောက်သွားတဲ့ အခြေနေမှာလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    အင်တာနက်လိုင်းဖွင့်ရာတွင် 4G အမှတ်အသားပြသော်လည်း လုံးဝအသုံးမပြုနိုင်ခြင်းကြောင့် စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းဖြစ်ပြီး နေ့စဉ် လူမှုဘဝ ထိခိုက်မှု များစွာရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    ယင်းအခြေအနေကြောင့် အရေးပေါ်ကိစ္စ တစ်စုံတစ်ရာတွင် အင်တာနက်လိုင်းရရှိသည့်ရွာသို့ ကူးလူးသွားလာနေရကြောင်း ဒေသခံတို့မှ သိရသည်။

    ၎င်းပြင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်း၊ လွတ်ရှမ်းနှင့် အနီးတစ်ဝိုက်ရှိ ဖာယာ၊ ပုတော၊ ပန်းအောင်၊ ခွန်နဝါ၊ တညင် အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းတွင် စက်တင်ဘာလ လယ်ပိုင်းမှစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း လုံးဝပြတ်တောက်နေသည်ဟု သိရသည်။

    “အနန်းကွင်းမှာ စစ်ရေးစပြီး တင်းမာနေကတည်းက လိုင်းတွေ မရနေတာ။ အနီးအနားရွာကတော့ နည်းနည်းရနေသေးတယ်။ တိုက်ပွဲပြင်းထန်သွားတော့ ရွာနီးနားကလည်း ဆက်သွယ်လို့ မရတော့ဘူး။ လိုင်းတွေ အကုန်ပျောက်သွားတယ်။ အခု ကျမက မြို့မှာ ရှိနေတာ။ ရွာကလူတွေနဲ့ ဆက်သွယ်မရနေဘူး” ဟု အနန်းကွင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    စစ်ကောင်စီက သတင်းစီးဆင်းမှုကို ပိတ်ပင်သည့်အနေဖြင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့်ဒေသများကို ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်လေ့ရှိပြီး အချို့နေရာတွင် နှစ်နှင့်ချီ ဖုန်းလိုင်း၊ အင်တာနက်ဖြတ်တောက်ထားသည်။

    စစ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၈၀ နီးပါးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်အတွက် လှုပ်ရှားနေသည့် အသံ (Athan) အဖွဲ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks