Thursday, March 12, 2026
More
    spot_img
    Homeသတင်းစပါးအထွက်နှုန်းကျခြင်းကြောင့် ချေးငွေ အချိန်မီပြန်ဆပ်နိုင်ရန် မသေချာ

    စပါးအထွက်နှုန်းကျခြင်းကြောင့် ချေးငွေ အချိန်မီပြန်ဆပ်နိုင်ရန် မသေချာ

    -

    မွန်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျနေသည့်အတွက် မိုးစပါးချေးငွေများ အချိန်မီ ပြန်ဆပ်နိုင်ရန် မသေချာသည့်အခြေအနေဖြစ်နေသည်ဟု စပါးစိုက်တောင်သူတို့က ပြောသည်။

    အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများ ပျက်စီးခြင်း၊ စပါးဖျက်ပိုးကျပြီး စပါးခင်းပျက်စီးခြင်းတို့ကြောင့် ပုံမှန်စပါးတစ်ဧကလျှင် စပါးတင်း ၄၀ ကျော်အထိထွက်ရှိနေသည့်လယ်တွင် ယခုနှစ် တစ်ဧက စပါးတင်း ၂၅ တင်းခန့်သာ ထွက်ရှိသည်ဟု ဘီးလင်းမြို့နယ်မှ လယ် ၁၀ ဧကပိုင် တောင်သူတစ်ဦးက ဆိုသည်။

    ယင်းအခြေအနေကြောင့် အစိုးရထံ ချေးယူထားသည့် မိုးစပါးချေးငွေများ အချိန်မီ ပြန်ဆပ်နိုင်သည့်အခြေအနေ မရှိဘူးလို့လည်း ၎င်းက ဆက်ပြောသည်။

    “ကျနော်တို့ မိုးစပါးချေးငွေကို မဆပ်နိုင်ဘူး၊ ရှာပြီး ဆပ်ဖို့က ၅ ကျပ်တိုး ၆ ကျပ်တိုးနဲ့ဆို အတိုးပေါ်အတိုးထပ်မှာ။ ဆပ်နိုင်တဲ့ လယ်သမားလည်း ရှိတယ်။ မဆပ်နိုင်လည်းရှိတယ်။ သတိပေးစာပို့လာရင်လည်း နောက်ကိစ္စနောက်ရှင်းရမှာပဲ ၂ လပိုင်းကျရင် ဆပ်ရမယ်လို့ ကြားတယ်” ဟု အထက်ပါ တောင်သူက ပြောသည်။

    စပါးအထွက်နှုန်း လျော့ကျသည့်အပြင် စပါးတင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ဝန်းကျင်သာ ပေါက်ဈေးရှိနေသည့်အတွက် တောင်သူများ အရှုံးပေါ်နေကြသည်။

    ထိုသို့သော အခြေအနေများကြောင့် တောင်သူတို့က ချေးငွေပြန်ဆပ်သည့်ကာလကို ဖြေလျှော့ပေးစေလိုရန် လိုလားနေကြသည်။

    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ် မိုးစပါးချေးငွေကို အတိုး ၅ ရာခိုင်နှုန်းဖြင့် လယ်တစ်ဧက ကျပ် ၂ သိန်းနှုန်းဖြင့် တောင်သူတို့ကို ထုတ်ချေးပေးထားပြီး ချေးငွေပြန်ဆပ်ရမည့်အချိန်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ဆုံး သတ်မှတ်ထားကြောင်း သိရသည်။

    ဒေသတွင်း စပါးအထွက်နှုန်း လျော့ကျနေခြင်းကြောင့် ဆန်စက်များလည်း ပုံမှန်လည်ပတ်နိုင်သည့် အနေအထားမရှိဟု မုဒုံမြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

    “ကျမတို့ မုဒုံဘက်ဆို စပါးအထွက်နှုန်းလျော့နေတော့ စပါးအသစ်တွေ ရှာဝယ်လို့မရသေးဘူး။ စပါးအဟောင်းတွေ ထုတ်ရောင်းကြတာနဲ့ပဲ စက်လည်နေတာ မနှစ်က ဒီအချိန်ဆို ကျမတို့စက်မှာ စပါးအသစ်တွေ အများကြီးနဲ့ပေါ့ အခု စက်မလည်ပတ်နိုင်သေးဘူး။ အခြားနယ်ကတော့ စပါးအဟောင်းတွေ ဈေးတက်နေပေမဲ့ ကျမတို့ဘက်မှာတော့ ကျနေတယ်။ ရန်ကုန်က ဆန်တွေဆို ဈေးတွေတက်နေတာပဲ” ဟု ၎င်းဆန်စက်ပိုင်ရှင်က ပြောသည်။

    ယခုနှစ်တွင် လုပ်သားရှားပါးမှုနှင့် အထွေအထွေကုန်ကျစရိတ်ကြီးမြင့်မှုတို့ကြောင့် မွန်ပြည်နယ်အတွင်းက လယ်ဧက ၈၀ ရာခိုင်နှုန်းခန့်က မျိုးကြဲ စိုက်ပျိုးကြသည့်အတွက် စပါးအထွက်နှုန်း ပိုပြီးလျော့ကျရခြင်းဖြစ်သည်ဟု တောင်သူတို့၏ ပြောဆိုချက်အရ သိရသည်။

    မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧက ၇ သိန်းဝန်းကျင်ရှိပြီး ပျမ်းမျှစပါးတင်းပေါင်း ၄၃၀ ထွက်ရှိသော်လည်း လက်ရှိတွင် ရိတ်သိမ်းဆဲကာလဖြစ်ခြင်းကြောင့် စပါးလျော့ကျသည့်ပမာဏ အတိအကျမပြောနိုင်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆိုသည်။

    ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရေကြီးရေလျှံမှုကြောင့် သထုံ၊ ဘီးလင်းနှင့် ကျိုက်မရောတို့တွင် မိုးစပါးစိုက်ဧက ၄၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရကြောင်း ဒေသခံတောင်သူတို့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks