Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ထွက် ရော်ဘာများ နယ်ကျော်ပို့ဆောင်နိုင်ရေး ငွေအလုံအရင်းပေးဆောင်နေရ

    မွန်ပြည်နယ်ထွက် ရော်ဘာများ နယ်ကျော်ပို့ဆောင်နိုင်ရေး ငွေအလုံအရင်းပေးဆောင်နေရ

    -

    မွန်ပြည်နယ်ထွက် ရော်ဘာများ နယ်ကျော်ပို့ဆောင်နိုင်ရန် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့တွင် ငွေကြေးအလုံအရင်း ပေးဆောင်ပြီးမှသာ သယ်ယူပို့ဆောင်ခွင့်ရနေသည်ဟု ရော်ဘာရောင်းဝယ်နေသူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်ထွက် ရော်ဘာများကို အခြားဒေသသို့ သယ်ဆောင်ရာတွင် စစ်ဆေးရေးဂိတ်တစ်ဂိတ်လျှင် ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ပေးဆောင်နေရကြောင်း သယ်ဆောင်သည့် ရော်ဘာတန်ချိန်အပေါ် မူတည်ပြီး ငွေကြေးတောင်းခံနေသည်ဟု ဆိုသည်။

    “ဂိတ်မှာ ဘယ်လောက်တောင်းလဲဆိုတာက ဂိတ်စောင့်တွေအပေါ်မှာပဲ မူတည်တယ်။ တချို့ဂိတ်တွေက တစ်သောင်းလောက်နဲ့လည်းပြီးတယ်။ ဒါပေမဲ့ ဘားအံဘက်က ဂိတ်ဆိုရင် သူတို့အတည် သတ်မှတ်လိုက်တယ်။ ကားတစ်စီး ၆ သောင်း အဲ့လိုမျိုး။ ၆ သောင်းပေးပြီးမှ သူတို့ပေးသွားတယ်” ဟု မော်လမြိုင်- မြဝတီ ရော်ဘာပို့ဆောင်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

    ယခုနှစ် ရော်ဘာရာသီတွင် ရော်ဘာတစ်ပေါင် ကျပ် ၃၀၀၀ ကျော်ထိ ဈေးကောင်းရရှိနေသော်လည်း ယခုလိုမျိုး ရော်ဘာတင်ပို့ရာတွင် အကန့်အသတ်ရှိနေခြင်းကြောင့် ရော်ဘာဈေးနှုန်းအပေါ် ရိုက်ခတ်မှု ရှိလာသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    စစ်ဆေးရေးဂိတ်တို့တွင် ငွေကြေးမပေးဆောင်နိုင်သူတို့ကို သယ်ယူခွင့် လုံးဝမပြုခြင်းကြောင့် ၎င်းတို့တောင်းသလောက်ကို ပေးဆောင်ပြီး သယ်ယူနေရကြောင်း ရော်ဘာရောင်းဝယ်သူတို့သာမက ရော်ဘာခြံတောင်သူတို့လည်း နစ်နာဆုံးရှုံးမှု ရှိနေရသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့က ဆိုသည်။

    “အဆင်ပြေသလိုတော့ သယ်နေကြတယ်။ ဂိတ်တွေကို ပိုက်ဆံပေးပြီးတော့ သယ်နေတာပေါ့” ဟု သံဖြူဇရပ်မှ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ရော်ဘာတင်ပို့ရာတွင် ငွေကြေးပေးဆောင်နေရသည့်အပြင် အချို့ဖမ်းဆီးခံနေရသည်လည်း ရှိနေကြောင်း ယင်းအပေါ် သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖြေရှင်းပေးစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ရော်ဘာသယ်ယူပို့ဆောင်ခွင့်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တရားဝင်သတ်မှတ်ထားခြင်းမရှိသေးပေ။

    ပြီးခဲသည့်နှစ်ဆန်းပိုင်းကလည်း ဒေသတွင်းရော်ဘာများကို တရားမဝင်ပို့ဆောင်နေသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ရော်ဘာလုပ်ငန်းရှင်တို့ကို ဖမ်းဆီးခဲ့ပြီး ရော်ဘာမတင်ပို့ရန် ခံဝန်လက်မှတ်ထိုးစေခဲ့သေးကြောင်း သိရသည်။

    ယခုလို ရော်ဘာအထွက်ကောင်းသည်ကာလတွင် ရော်ဘာတင်ပို့မှုအပေါ် စစ်ကောင်စီက အမျိုးမျိုးကန့်သတ်နေသည့်အခြေအနေကြောင့် ရော်ဘာဈေးကွက်ပျောက်ဆုံးသွားမည်ကိုလည်း မွန်ရော်ဘာလုပ်ငန်း လုပ်ကိုင်သူတို့က စိုးရိမ်နေကြသည်။

    ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် ၃၂၆၀၀၀ တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက လျာထားခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းအထိ ရော်ဘာတန်ချိန် ၁ သိန်းသာ တင်ပို့နိုင်ခဲ့သေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks