Friday, March 27, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းဥပဒေသည် စစ်မှုထမ်းအရေးဆောင်ရွက်နေသူတို့အတွက် ငွေဝင်ပေါက်တစ်ခုဖြစ်နေဟုဆို

    စစ်မှုထမ်းဥပဒေသည် စစ်မှုထမ်းအရေးဆောင်ရွက်နေသူတို့အတွက် ငွေဝင်ပေါက်တစ်ခုဖြစ်နေဟုဆို

    -

    စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ပြန်သွင်းလာသည့်နောက်  မွန်ပြည်နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် စစ်မှုထမ်းအရေးဆောင်ရွက်သူတို့အတွက် ငွေဝင်ပေါက်တစ်ခုတိုးသလိုဖြစ်နေကြောင်း မွန်ဒေသခံတို့ကဆိုသည်။

    စစ်မှုထမ်းဆောင်မည့်သူနှင့် ၎င်းတို့၏ မိသားစုဝင်ကို ထောက်ပံ့ရန်ဟုဆိုကာ ချောင်းဆုံ၊ မုဒုံနှင့် ရေးဒေသခံတို့ထံ ကျပ်ငွေတစ်သောင်း မှ လေးသောင်းအထိ တစ်လတစ်ကြိမ် သို့မဟုတ် သင်တန်းတစ်ပတ်စဉ်လျှင်တစ်ကြိမ် ကောက်ခံနေကြောင်း သိရသည်။

    ထိုမှတစ်ဆင့်ရရှိထားသည့်ငွေကြေးကို စစ်မှုထမ်းသင်တန်းတက်ရောက်သူတို့ထံ ပမာဏမည်မျှနှင့် မည်သို့ပေးချေနေသည်ကို စစ်မှုထမ်းအရေးဆောင်ရွက်သူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့မှလွဲ၍ သိခွင့်မရနေကြောင်း ဒေသခံတို့ကဆိုသည်။ 

    ထို့ကြောင့် စစ်မှုထမ်းအရေးဆောင်ရွက်နေသူနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့ကို ဒေသခံထံမှ တရားဝင်ငွေကောက်ခွင့်ပြုထားသလို ဖြစ်နေသည်ဟု ချောင်းဆုံဒေသခံတစ်ဦးကဆိုသည်။

    “ဒီစစ်မှုထမ်းဥပဒေကရလာတဲ့ပိုက်ဆံတွေအပေါ်မှာလည်း သူတို့တို့ စိတ်ကြိုက်အသုံးချနေကြတယ်။ သေချာတာတစ်ခုက ဒီစစ်မှုထမ်းကသူတို့အတွက် ငွေဝင်ပေါက်တစ်ခုဖြစ်နေတာပေါ့။ ဒေသခံတွေကလည်းပြောနေကြပြီး အပတ်စဉ်တိုင်းပိုက်ဆံကောက်နေတာ ”ဟု ဆိုသည်။ 

    ငွေကြေးကောက်ခံရာတွင် အုပ်စုလိုက် အိမ်တိုင်ယာရောက် ကောက်ခံသည့်အပြင် ရာအိမ်မှုးတို့မှတစ်ဆင့် ဖိအားပေးကောက်ခံနေခြင်းတို့ကြောင့် လက်လုပ်လက်စား မိသားစုတို့ အခက်အခဲရှိနေသော်လည်း မဆန့်ကျင်နိုင်ကြောင်းဆက်ပြောသည်။

    အလားတူ သံဖြူဇရပ်မြို့နယ်အတွက် သင်တန်းသားစုဆောင်းရေးလုပ်ငန်းစဉ်ကို   ဝဲကလိအခြေစိုက် တပ်မတော်တန်းမြင့်သင်တန်းမှ တာဝန်ရှိသူတို့ လုပ်ဆောင်ပေးနေပြီး အပတ်စဥ်အသစ်တိုင်း တစ်ရွာလျှင် ကျပ်ငွေသိန်း ၂၀ မှ သိန်း၄၀ အထိ အခကြေးငွေပေးသွင်းနေရကြောင်းလည်း သိရသည်။

    “ဝဲကလိမှာ ဖွင့်ထားတဲ့ စစ်သင်တန်းကျောင်းကို ကျွန်တော်ရွာကနေ အပတ်စဉ်တိုင်းကို သိန်း ၃၀ သွင်းပေးနေရတယ်။  အဲ့သိန်း ၃၀ ကို သူတို့ကိုပေးလိုက်ပြီးရင်သူတို့ဘာသာပဲသင်တန်းသားတွေရှာယူကြတယ်။ကိုယ်ဘက်ကပိုက်ဆံသွင်းပေးနေပေမဲ့လည်း သူတို့ဘက်က ရှာချင်မှရှာမယ်လေ။ ကျွန်တော်တို့ရွာက သိန်း၃၀ ရွာနည်းနည်းကြီးရင် သိန်း ၄၀။ တကယ်တမ်းကျတော့ သူတို့တမင်သက်သက် လုပ်စားကြတာပဲ ” ဟု ဆိုသည်။ 

    ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနယ်မြေစိုးမိုးနိုင်သည့် ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့ပေါ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် ရရာနည်းဖြင့်လူစုဆောင်းနေသည့်အပြင် ငွေကြေးကောက်ခံမှုတို့လည်းစတင်နေပြီးဖြစ်သည်ဟု သိရသည်။

    မွန်ပြည်နယ်နည်းတူ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်း စစ်မှုထမ်းရမည့်သူတို့၏ မိသားစုဝင်များအား ထောက်ပံ့ရန် အကြောင်းပြချက်ဖြင့် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေသူများကို ငွေကြေးကောက်ခံလျှက်ရှိကြောင်းလည်း သိရသည်။

     စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စစ်မှုထမ်းကောက်ခံရာတွင် ငွေကြေးဆိုင်ရာ မသမာမှု မရှိစေရန် တာဝန်ရှိသူတို့အဆင့်ဆင့် စိစစ်ကြပ်မတ်ရန် လိုအပ်သည်ဟု နိုဝင်ဘာ ၇ ရက်နေ့က စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်း ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks