spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းယာဉ်နှင့်လမ်းစည်းကမ်း ထိန်းသိမ်းမှုလုပ်ငန်းစဥ် ရပ်နားထားခြင်းကြောင့် ယာဉ်တိုက်မှု၊ လူသေဆုံးမှု ဆက်တိုက်ဖြစ်ပွား

    ယာဉ်နှင့်လမ်းစည်းကမ်း ထိန်းသိမ်းမှုလုပ်ငန်းစဥ် ရပ်နားထားခြင်းကြောင့် ယာဉ်တိုက်မှု၊ လူသေဆုံးမှု ဆက်တိုက်ဖြစ်ပွား

    -

    မွန်ပြည်နယ်တွင် ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနမှ စစ်အာဏာသိမ်းကာလနောက်ပိုင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းမှုလုပ်ငန်းစဥ်များ လုံးဝဆောင်ရွက်ခြင်းမရှိသည့်အပြင် ဖမ်းဆီးငွေညှစ်မှုသာ လုပ်ဆောင်နေခြင်းကြောင့် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှုနှင့် လူသေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

    ပြီးခဲ့သည့် တန်ဆောင်တိုင်ကာလအတွင်း သထုံ၊ မော်လမြိုင်နှင့် မုဒုံမြို့တို့တွင် ယာဉ်တိုက်မှု ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး (၃) ဦး သေဆုံးခဲ့ရသည်ဟုလည်း သိရသည်။

    ယာဉ်စည်းကမ်းလမ်းစည်းကမ်းပို့ချပေးသည့်အစီစဉ် ရပ်နားထားသည့်အပြင် လူသေဆုံးမှုရှိသည့် ဖြစ်စဉ်တို့တွင်လည်း ဖမ်းဆီးအရေးယူမှု အားနည်းလျှက်ရှိကြောင့် ယာဉ်တိုက်မှု အဆိုးဆုံးအခြေအနေတွင် ရှိနေသည်ဟု လှုမှုကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

    “အခုလက်ရှိကတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးတာတော့မရှိတော့ပါဘူး။ ယာဉ်ထိန်းရဲတွေက ဖမ်းဆီးအရေးယူတာတွေပဲရှိတော့တယ်။ အမှန်ဆိုရင်တော့ဗျာ ပညာပေးလုပ်ငန်းဆောင်ရွက်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ပညာပေးအပေါ်မှာမှ နောက်ပိုင်း အရေးယူတဲ့အပုံစံကို သွားရင် ပိုပြီးတော့ အခြေနေကောင်းလာမယ်လို့ ကျွန်တော်မြင်တယ်။” ဟုဆိုသည်။

    မုဒုံ- သံဖြူဇရပ်ကားလမ်း ခပ်ရခပ်ယူထိုင်တော်မှု ဘုရားကြီးအနီးတွင် ပြီးခဲ့သည့်နိုဝင်ဘာ(၁၅) ရက်နေ့ တန်ဆောင်တိုင်လပြည့်နေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၃ ဦး သေဆုံးမှုဖြစ်ပွားခဲ့သော်လည်း ယနေ့အထိ အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ မြို့လယ် အဝိုင်းပတ်နှင့် လမ်းဆုံမီးပွိုင့်နေရာတို့တွင် ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားပြီး အများအားဖြင့် မော်တော်ဆိုင်ကယ်နှင့်ကား တိုက်မိမှုကြောင့် လူသေဆုံးမှု တိုးလျှက်ရှိသည်။

    ထို့အပြင် ဆိုင်ကယ်အပါအဝင် မော်တော်ယာဉ် မောင်းနှင်မှု အကျွမ်းတဝင်မရှိသူတို့ ငွေကြေးပေးသွင်းကာ စစ်ကောင်စီ ကညန ရုံးထံ ယာဉ်မောင်းလိုင်စင် အလွယ်တကူထုတ်ပေးနေခြင်းသည်လည်း ယာဉ်တိုက်မှုတိုးလာစေသည့်အကြောင်းရင်းဖြစ်သည်ဟု မော်လမြိုင်ဒေသခံတစ်ဦးက ဆိုသည်။

    “ဆိုင်ကယ်မပြောနဲ့ ကားတွေလည်း မောင်းမတတ်ရင်ပိုက်ဆံပေးပြီးတော့ ယာဉ်မောင်းလိုင်စင်ရတယ်။ သူတို့က ဘာကိုမှမစစ်ဘူး။ ပိုက်ဆံ သွင်းပေးပြီးတော့ သူတို့ပြောတဲ့ရက်ချိန်းအတိုင်း ယာဉ်မောင်းလိုင်စင် လာထုတ်ရင်ရပြီး။ ကညနကနေ ထုတ်ပေးတဲ့လိုင်စင်က စစ်ဆေးဂိတ်မှာ ပြဖို့အတွက်ပဲ အသုံးဝင်တယ်။ ကျန်တာက အသုံးမဝင်ဘူး ” ဟုဆိုသည်။

    အာဏာသိမ်းကာလနောက်ပိုင်း မွန်ဒေသအတွင်း ပြည်သူ့ဝန်ဆောင်မှုပေးနေသည့် လဝက၊ ပတ်စပို့ရုံး၊ ကညန နှင့် ယာဉ်ထိန်းရဲရုံးတို့တွင် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု နှင့် လာဘ်စားမှုပြဿနာတို့ကို စစ်ကောင်စီအနေနှင့်ကိုင်တွယ်ဖြေရှင်းနိုင်တာမရှိသေးသည့်အပြင် ယာဉ်တိုက်မှုဖြစ်စဉ်တိုးနေသည့် အခြေအနေတွင်လည်း တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိနေကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ယခုနှစ်တွင် ယာဉ်တိုက်မှုဖြစ်စဉ်အမျိုးမျိုးကြောင့် တစ်လလျှင် ပျမ်းမျှလူသေဆုံးမှု ၁၀၀ နီးပါးအထိရှိနေသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ အချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks