မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာနှင့် ဝဲကလောင်းကျေးရွာအကြား ပင်လယ်ရေပြင်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို ယခုနှစ်တွင်ဒေသခံအချင်းချင်းဖြင့်သာ ကျင်းပပြီးစီးခဲ့ကြောင်း ဒေသခံနှင့် ဘုရားပွဲကျင်းပရေးအဖွဲ့တို့မှ သိရသည်။

ကျိုက်နဲ ရေလယ်ဘုရားကို နှစ်စဉ် တန်ဆောင်မုန်းလဆုတ် ၁ ရက်နေ့မှ ၃ ရက်နေ့ နံနက်ပိုင်းအထိ လူသောင်းနှင့်ချီ စည်ကားစွာ ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ဘုရားပွဲရက်ကို လဆန်း ၁၄ နှင့် လပြည့်နေ့တို့တွင် ပျော်ပွဲရွှင်ပွဲမပါဘဲ ရိုးရာအစဉ်အလာအစီအစဉ်ဖြင့် အကျဉ်းချုံးသာပြုလုပ်သွားမည်ဟုလည်း ကြိုတင်စာ ထုတ်ပြန်ထားခဲ့သည်။
ဘုရားပွဲသို့ လူအစုလိုက်လာရောက်ပြီး လုံခြုံရေးမပေးနိုင်မည်ကို စိုးရိမ်သည့်အပြင် ကိုဗစ်ကပ်ရောဂါအခြေအနေတို့ကြောင့် လူစုလူဝေးမရှိစေလိုခြင်းကြောင့် ပဠာန်းရွတ်ဖတ် ပူဇော်ခြင်းနှင့် ဆွမ်းကပ်ခြင်း အစီစဉ်တို့ဖြင့်သာ ကျင်းပခဲ့သည်ဟု သိရသည်။
“၃ရက်နေ့ကိုတော့ ပွဲမလုပ်ဘူး၊ ရပ်နားထားတယ်။ ဒီနှစ်မှာတော့ အဝေးက ဧည့်သည်တွေလာတာ မရှိဘူး၊ မဖိတ်ခေါ်ထားဘူး။ ဘုရားမှာအလုပ် ဝေယျာဝစ္စအတွက် အနီးအနားက ရွာသူရွာသားတွေပဲ သွားကြတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးမှ သိရသည်။
သို့သော် လာမည့်နှစ်များတွင် နိုင်ငံရေးအခြေအနေပေါ်မှုတည်ပြီး ရိုရာဓလေ့ အစီစဉ်ဖြင့် ပွဲတော်ရက်ပိုများအောင် ကျင်းပရန် အစီစဉ်ရှိသည် ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ကျိုက်နဲရေလယ်ဘုရားပွဲ သွားရောက်ဖူးမျှော်စဉ် ဘုရားဖူး ၂၀ ထက်မနည်း ရေနစ်သေဆုံးခဲ့သည့်ဖြစ်စဉ်မှစ၍ ဘုရားပွဲကိုဒေသခံအချင်းချင်းဖြင့်သာ ကျင်းပခဲ့ကြောင်း သိရသည်။
ဘုရားပွဲ မကျင်းပနိုင်သည့်အပေါ် ဒေသခံတစ်ဦးက “တစ်မျိုးကောင်းတာက ဒီနောက်ပိုင်း ဘုရားပွဲမကျင်းပနိုင်တော့ ဘုရားဖူးချင်တဲ့ လူတွေက နွေ မိုး ဆောင်းမရွေး လာရောက်နေတာရှိတယ် အဲလိုမျိုးဆို လူနည်းနည်းနဲ့ အန္တရာယ်လည်း ဖြစ်စရာအကြောင်းမရှိဘူးပေါ့"ဟု ဆိုသည်။
ဝဲကလောင်ကမ်းခြေမှ ၂ မိုင်နီးပါး အကွာအဝေးရှိသည့် ဘုရားဆီသို့ရောက်ရန် တစ်နှစ်တစ်ကြိမ်သာပေါ်သည့် နတ်ခင်းလမ်း(ခေါ်) ကျောက်ခင်းလမ်းဖြင့်သွားရသည့် ယူဆချက်သည် အမှားဖြစ်ပြီး ဒီရေအတက်အကျပေါ်မူတည်ပြီး တစ်လလျှင် ၆ ရက်အထိ အဆိုပါကျောက်ခင်းလမ်းပေါ်သွားနိုင်သည်ဟု ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။
ရေလယ်တွင်ရှိသည့် ဘုရားဆီ ရေကျချိန်ပေါ်သည့် နတ်လမ်း(ခေါ်) ကျောက်စရစ်လမ်းဖြင့် သွားရောက်ဖူးမျှောက်နိုင်သည့်အပြင် ဘုရားပတ်ပတ်လည်တွင် ရေမလွှမ်းမိုးနိုင်သည့်အပြင် ဘုရားဖူးဦးရေ မည်မျှများများ နေရာကျယ်ကျယ်ဝန်းဝန်းဖြင့်ဖူးမျှော်နိုင်သည့် ထူးခြားချက်တို့ကြောင့် နှစ်စဉ်ဘုရားဖူးဧည့်သည် သောင်းနှင့်ချီလာရောက်လျှက်ရှိသည်။