spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် အဖိုး၊ သမီးနှင့် မြေး မိသားစုဝင် (၃) ဦး သတ်ဖြတ်ခံရ

    ဘုရားသုံးဆူမြို့တွင် အဖိုး၊ သမီးနှင့် မြေး မိသားစုဝင် (၃) ဦး သတ်ဖြတ်ခံရ

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အဖိုး၊ သမီးနှင့် မြေး မိသားစုဝင် (၃) ဦးကို အမည်မသိလူတစ်စုက သတ်ဖြတ်လိုက်ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

    ဖြစ်စဉ်ကို ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်၊ ညနေပိုင်းအချိန်တွင် ဘုရားသုံးဆူမြို့ဒေသ၊ မက္ကသာကျေးရွာသွားသည့်လမ်းပိုင်းရှိ ရာဘာခြံတစ်ခုအတွင်း ဓားထိုးသွင်ဒဏ်ရာများဖြင့် သေဆုံးလျှက် တွေ့ရှိခဲ့ကြောင်း ဆိုသည်။

    “သေဆုံးသွားတဲ့လူက ရခိုင်လူမျိုးဖြစ်လို့ လူတွေက ဦးရခိုင်လို့ ခေါ်နေကြတယ်။ ဘုရားသုံးဆူ အမှတ် (၂) ရက်ကွက်မှာ အနှစ် ၂၀ ကျော် နေထိုင်လာခဲ့ကြတယ်လေ။ ဟိုတုန်းကတော့ EPC က လျှပ်စစ်ဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်တယ်လေ။ ဒါပေမယ့် သူက သာမန် အရပ်သားပြည်သူတစ်ယောက်ပါပဲ။ ကျနော်တို့သိသလောက်တော့ ရိုးသားဖြူစင်တဲ့လူပါပဲဗျ။ ပြီးတော့ သူသမီးရဲ့ ယော်ကျားက ထိုင်းမှာ အလုပ်သွားလုပ်နေတယ်။ သူ့သမီးကလေး သူ့မြေးရော၊ သူ့သမီးရော၊ သူရောကို မနေ့က ညနေပိုင်း အချိန်လောက်က လူတစ်စုက မက္ကသာရွာသစ်ဘက်ကို ဖမ်းခေါ်သွားပြီးတော့ ဘာကြောင့်လဲတော့ မသိဘူး၊ သတ်ဖြတ်လိုက်ကြတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

    သေဆုံးသူများမှာ ဘုရားသုံးဆူမြို့ အမှတ် (၂) ရက်ကွက်နေ လျှပ်စစ်ဝန်ထမ်း (အငြိမ်းစား) ရခိုင်လူမျိုးဖြစ်သည့် ဦးရခိုင်၊ အသက် ၃၀ အရွယ်ရှိ သမီးဖြစ်သူ ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူနှင့် ၈ နှစ်အရွယ်ခန့်ရှိ သားဖြစ်သူ ကျောင်းသားတစ်ဦးတို့ဖြစ်ကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။

    အဆိုပါ မိသားစုဝင် (၃) ဦးတို့ကို အမည်မသိလူတစ်စုမှ ဟွန်ဒါကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ကာ ဓါးဒဏ်ရာများဖြင့် မက္ကသာကျေးရွာ သွားသည့်လမ်းဘေးတစ်နေရာ၌ အလောင်းများ လွှင့်ပစ်ထားသည်ကို ယနေ့နံနက်ပိုင်းအချိန်တွင် လမ်းသွားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    လက်နက်ကိုင်မျိုးစုံ လှုပ်ရှားသွားလာနေသည့် ဘုရားသုံးဆူမြို့တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေကာ ရာဇဝတ်မှု၊ ခိုးဆိုးလုယက်မှု၊ သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပေါ်နေသော်လည်း လက်သည်တရားခံများကို ဖော်ဆောင်အရေးယူနိုင်ခြင်းမရှိပေ။

    “ဒီဘုရားသုံးဆူမှာ လက်နက်ကိုင်တွေ များလာပြီးနောက်ပိုင်း ဖြစ်စဉ်မျိုးစုံ ဖြစ်ပွားလာနေတယ်။ ရာဇဝတ်မှုတွေ၊ ခိုးမှု၊ သတ်ဖြတ်မှု ဒါတွေက ပိုများလာတယ်။ ဒါပေမဲ့ လုပ်နေတဲ့အဖွဲ့တွေကို ဘယ်သောအခါမှ ဖမ်းဆီးရမိလေ့မရှိဘူး။ ပြီးတော့ ဒီဘုရားသုံးဆူမြို့ပေါ်မှာလည်း လက်နက်တွေနဲ့ သွားလာနေကြတာ မပြောနဲ့တော့။ ဒီကိစ္စလည်း ဒီလိုပဲ ဘယ်သူဘယ်ဝါး ဖမ်းဆီးသွားလဲ မသိဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။

    လက်ရှိ ဘုရားသုံးဆူမြို့တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC၊ ကရင်နယ်ခြားစောင့်တပ် BGF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်စသည့် လက်နက်ကိုင်အဖွဲ့မျိုးစုံသွားလာလှုပ်ရှားနေကြသည်။

    ထိုကြောင့် လက်နက်ကိုင်အဖွဲ့မျိုးစုံလှုပ်ရှားရာ ဘုရားသုံးဆူမြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်း မပြုရန် စသည့် အချက် ၁၂ ချက်ကို ခွင့်မပြုကြောင်း မြို့ကို ထိန်းချုပ်ထားသည့် DKBA က ၎င်းတို့၏တပ်ဖွဲ့ဝင်များအတွက် သီးသန့်ထုတ်ပြန်သည့် အမိန့်စာတစ်စောင်ကိုလည်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks