spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းထိုင်းရောက်အလုပ်သမားများအတွက် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ ကို တပြေညီသတ်မှတ်ပေးမည်မဟုတ်ဟု ဆို

    ထိုင်းရောက်အလုပ်သမားများအတွက် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ ကို တပြေညီသတ်မှတ်ပေးမည်မဟုတ်ဟု ဆို

    -

    ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်အားခ တစ်ရက် ဘတ် ၄၀၀ ကို တပြေညီသတ်မှတ်ပေးမည်မဟုတ်ကြောင်း မြန်မာအလုပ်သမားများ အရေး ကူညီဆောင်ရွက်နေသူတို့က ပြောသည်။

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများကို တစ်ရက်လုပ်အားခ အနည်းဆုံး ဘတ် ၄၀၀ တိုးပေးရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ အခကြေးငွေတိုးမြှင့်ပေးရန်အတွက် ခရိုင်၊ မြို့နယ်အလိုက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၊ ပင်လယ်စာလုပ်ငန်း၊ ကုန်ပစ္စည်းတင်ပို့ခြင်း လုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းအမျိုးအစားများကို တိုးမြှင့်သတ်မှတ်ရေးကော်မတီက ၂ လအတွင်း လေ့လာပြီး ယခုကဲ့သို့ တိုးမြှင့်ပေးရန် စီစဉ်လာခဲ့သည်။

    သို့သော် ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် ၇၇ ခုမှ ရွေ့ပြောင်းအလုပ်သမားများအတွက် ဘတ် ၄၀၀ တိုးပေးရေးကို နေရာဒေသပေါ် မူတည်ပြီး တပြေညီရရှိမည် မဟုတ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ကရင်သတင်းဌာနတွင် ပြောဆိုထားသည်။

    “ထိုင်းနိုင်ငံမှာ ခရိုင်ဒေသ ၇၇ ခု ရှိတယ်ဗျ။ မဲဆောက်လည်း ၄၀၀၊ ဘန်ကောက်လည်း ၄၀၀ ပဲဆိုတော့ ဘယ်သူမှ ဘန်ကောက်မတက်တော့ဘူးဗျ။ အဲလို တပြေညီနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရကလည်း  ပြန်လည်သုံးသပ်နေပုံရပါတယ်။ အခုလည်း ခရိုင်ဒေသ ၇၇ ခုမှာ အလုပ်သမားလခက တပြေညီရနေတာ မဟုတ်ပါဘူး” ဟု ပြောသည်။

    ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးရှိ အလုပ်သမားများကို တစ်ရက်လုပ်အားခ ဘတ် ၄၀၀ တိုးပေးရန် သတ်မှတ်လာသည့်အပေါ် ထိုင်းလုပ်ငန်းရှင်များက ကန့်ကွက်လာကြပြီး ပြန်လည်စိစစ်ပေးရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနထံကိုလည်း တင်ပြခဲ့ကြသည်။

    “နိုင်ငံတစ်ဝန်း တပြေညီ ဘတ် ၄၀၀ ပေးရေးကို သတ်မှတ်မယ်ဆိုရင် လုပ်ငန်းရှင်များအပိုင်းက သဘောမတူတာလည်း ရှိနေတယ်။ ထိုင်းအစိုးရက အဲဒါကြောင့်မလို့ လုပ်ငန်းရှင်တွေအပိုင်း ကလည်း တင်ပြလာတာ ရှိတယ်။ လွှတ်တော်အမတ်ကလည်း တင်ပြလာတာ ရှိတယ်။ ဒါကြောင့် နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီရော၊ ကျနော်တို့ရဲ့ ရွေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေရော၊ အဲထောင့် ၄/၅ ကနေ အသံတွေကို နားထောင်ပြီးတော့မှ ထိုင်းအစိုးရက အပြောင်းအလဲ လုပ်ပါလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

    လက်ရှိတွင် အလုပ်သမားများ၏ အခြေခံလုပ်အားခကို ခရိုင်ဒေသအလိုက် အနိမ့်ဆုံး ၃၀၈ ဘတ်မှ အမြင့်ဆုံး ၃၆၆ ဘတ်အထိ ရရှိနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks