spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သားပြည်သူ ၂၀၈ ဦးဖမ်းဆီးခံရ

    တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သားပြည်သူ ၂၀၈ ဦးဖမ်းဆီးခံရ

    -

    တနင်္သာရီတိုင်းတွင် အောက်တိုဘာလအတွင်း  စစ်ကောင်စီစစ်ကြောင်းထိုးစဉ် အကြောင်းအမျိုးမျိုးကြောင့် အရပ်သားဖမ်းဆီးခံရမှု ၂၀၈ ဦးအထိရှိလာနေကြောင်း FE 5 Tanintharyi မှတာဝန်ရှိသူနှင့် ဒေသတွင်းသတင်း အရင်းအမြစ်ထံမှသိရသည်။

    ကျေးရွာနှင့်မြို့ပေါ်တို့တွင် အတင်းအဓမ္မစစ်မှူးထမ်းရန်ဖမ်းဆီးခြင်း၊ စစ်ရေးအရှိန်မြှင့်နေသည့် ပွင့်လင်းရာသီအတွင်း စစ်ကြောင်းထိုးမှုပိုများလာကာ အရပ်သားများကိုပစ်မှတ်ထားဖမ်းဆီးမှု၊ တော်လှန်ရေးတပ်ဖွဲ့နှင့်ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးမှုဆက်တိုက် လုပ်ဆောင်လျှက်ရှိသည်။

    အဆိုပါ ဖမ်းဆီးခံရသူတို့တွင် ထားဝယ်ခရိုင်မှ ၁၂၂ ဦး၊ မြိတ်ခရိုင်မှ  ၆၆ ဦးအပြင် ကော့သောင်းခရိုင်၌ ဖမ်းဆီးခံရသူ ၂၀ ဦးခန့်ရှိနေပြီး ယင်းအထဲတွင် ၁၄၇ ဦးပြန်လည်လွတ်မြောက်ခဲ့ပြီး သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၄ ဦးရှိသည်ဟု FE 5 Tanintharyi ၏အချက်အလက်များထံမှသိရသည်။

     အောက်တိုဘာလအတွင်း လောင်းလုံးမြို့အောက်ဘက်ကျေးရွာသို့ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခဲ့သည့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းကို လောင်းလုံးမြို့မရဲစခန်း၌ ဖမ်းဆီးထားပြီး ၊မိသားစုဝင်တို့က တစ်ရက် လျှင် ထမင်းဖိုး ၆၀၀၀ ကျပ် ပေးဆောင်နေရသည်ဟု ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

    “လောင်းလုံးအောက်ဘက်ရွာတစ်ချို့က အရပ်သား ၄ ဦးသေဆုံးခဲ့ရတယ် ၁၀ ဦးကဖမ်းဆီးခံထားရဆဲပါ၊ အခုဆို ထားဝယ်မြို့ပေါ်မှာလည်းဖမ်းဆီးတွေများလာတယ်၊ ဖမ်းဆီးခံရသူတွေကလောင်းလုံးမြို့ရဲစခန်းမှာ ရှိနေတယ် မိသားစုနဲ့ကျလူကိုယ်တိုင်တော့တွေ့ခွင့်မပေးဘူး၊ ထမင်းဖိုးတစ်ရက် ၆၀၀၀ လည်းစခန်းကိုမိသားစုဝင် တွေက ပေး ရတယ် ဖမ်းဆီးခံရသူတွေက အမျိုးသားပဲ လူကြီးရော၊ လူငယ်ရောပါပဲ” ဟု ပြောသည်။

    ပုလောမြို့နယ်အတွင်း အောက်တိုဘာ ၁၄ ရက်မှစတင်ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကြောင့် မြို့ပေါ်သို့ သွားရောက်တိမ်းရှောင်ကြသည့်ဒေသခံတို့ကို မြို့ပေါ် အုပ်ချုပ်ရေးမှူး တို့ကစစ်ဆေးမေးမြန်းခြင်း အမည် စာရင်းကောက်ယူခြင်းတို့ကို လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

    မွန်၊ ကရင်၊ တနင်္သာရီဒေသ ၃ ခု၏ လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်ကောက်ယူနေသည့် မွန်ပြည် လူ့အခွင့်အရေးဖောင်းဒေရှင်မှ ဒါရိုက်တာနိုင်အဲမွန်က တနင်္သာရီတိုင်းသည်အရပ်သား အဖမ်းဆီးခံရမှု အဆိုးဆုံး အခြေအနေဖြစ်ပြီး၊ စစ်ရှောင်များတစ်နေရာနှင့်တစ်နေရာပြောင်းရွေ့စဉ် ဖမ်းဆီးခံရမှုတို့လည်းရှိသည်ဟု ပြောသည်။ 

    “စစ်အုပ်စုတွေက ဒေသခံပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး ယုတ်စွ အဆုံး အကာအကွယ်အတွက် လူသား ဒိုင်းအနေနဲ့သော်လည်းကောင်း ပေါ်တာအနေနဲ့သော်လည်းကောင်း ဖမ်းဆီးတယ်၊ ကျေးရွာနှင့် မြို့ပေါ် များတွင် အတင်းအဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးတာတွေ စစ်ကြောင်းဝင်ရောက်စဉ် အရပ်သားများကို တခြားလက်နက်ကိုင် တပ်တွေရဲ့ ထောက်ပံ့သူတွေဆိုပြီး အခြေအမြစ်မရှိစွပ်စွဲဖမ်းတာတွေ ရှိတယ်။ IDP တွေ တစ်နေရာနဲ့ တစ်နေရာ သွားလာရင်း စစ်အုပ်စုတပ်နဲ့ ပက်ပင်းတိုးပြီးအဖမ်းခံရတဲ့ကေ့စ်တွေမနည်းဘူး”ဟု ၎င်းက ပြောသည်။

    တစ်ဖက်တွင်လည်း လက်နက်ကိုင်အဖွဲ့များနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှဖမ်းဆီးလိုက်သည့်အရပ်သားပြည်သူ ၂၃ ဦးရှိပြီး၊ ၅ ဦးထက်မနည်းသတ်ဖြတ်ခံလိုက်ရသည်ဟု FE 5 Tanintharyi ၏တာဝန်ခံမှပေးပို့သည့် အချက် အလက် များအရသိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလအတွင်း FE5 Tanintharyi ၏ အောက်တိုဘာ ၁၆ ရက်နေ့တွင်ထုတ်ပြန်ထားချက်အရ အရပ်သားဖမ်းဆီးခံရမှု ၃၀၈ ဦးထက်မနည်းရှိခဲ့ပြီး ယခုလထက်ဖမ်းဆီးခံရမှု ပိုများလျှက် ရှိသည်။ 

    တနင်္သာရီတိုင်းတွင် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ် မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ ၆၀၆၈၀ ခန့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု FE5 Tanintharyi ၏ အချက်အလက်များအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks