Sunday, March 22, 2026
More
    spot_img
    Homeသတင်းရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံတင်အတုပြုလုပ်ပေး၍ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ အထိ စည်းရုံးအသုံးပြုလာ

    ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံတင်အတုပြုလုပ်ပေး၍ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ အထိ စည်းရုံးအသုံးပြုလာ

    -

    စစ်ကောင်စီ စစ်မှုထမ်းသင်တန်းကို မွန်ပြည်နယ်ကိုယ်စားပြု အစားထိုးတက်ရောက်သည့် ရွှေ့ပြောင်းလုပ်သားများသည် ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့မှ ပြုလုပ်ပေးသည့် မှတ်ပုံတင်အတုဖြင့် စစ်သင်တန်းတက်ရောက်ရန် စည်းရုံးအသုံးပြုနေသည်မှာ အပတ်စဉ် ၇ အထိရှိလာပြီးဖြစ်သည်ဟု သိရသည်။

    စစ်သင်တန်းသို့ အငှားလိုက်မည့်သူ နည်းလာသည်နှင့်အမျှ သင်တန်းသားဦးရေပြည့်မှီရန်အတွက် ရသမျှနည်းလမ်းဖြင့် ခေါ်ယူစုဆောင်းရာတွင် ငွေကြေးဖြင့် အလွယ်တကူစုဆောင်းခံနေရသည့် ရွေ့ပြောင်းလုပ်သားများ အများဆုံးပါဝင်နေသည်ဟု သိရသည်။

    တစ်နယ်တစ်ကြေးမှ အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားတို့ကို စစ်မှုထမ်းသင်တန်းပို့ဆောင်ရန် မွန်ပြည်နယ်ဒေသခံဖြစ်ကြောင်း အထောက်အထားပြရမည်ဖြစ်ခြင်းကြောင့် မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း၊ ပညာအရည်အချင်းထောက်ခံချက် စသည့်စာရွက်စာတမ်းတို့ကို အုပ်ချုပ်ရေးမှုးနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းကာ အတုပြုပေးထားကြောင်း သိရသည်။

    စစ်မှုထမ်းအရေးဆောင်ရွက်နေသူတစ်ဦးက “သူတို့ကို အစင်းလား၊ အာဘော်လား၊ ကျားတန်းလား၊ တစ်နေရာရာတော့ စာရင်းသွင်းပေးရမယ်။ ပြီးရင် အိမ်ထောင်စုစာရင်းတွေ မှတ်ပုံတင်တွေ ဘယ်နှတန်းအောင်ထားတဲ့ထောက်ခံတွေလုပ်ပေးရတယ်။ အဲလိုလုပ်ရဖို့ဆိုရင် လဝက ဆီကထောက်ခံချက်ယူရတယ်။ ပြောရရင် အဆင်ပြေအောင် လုပ်ယူတာပဲ။ နယ်တိုင်းက ဒီလိုပဲလုပ်ကြတာ။ မုဒုံတို့ချောင်းဆုံတို့အကုန်လုံးပေါ့” ဟုဆိုသည်။

    ယင်းကိစ္စကို စစ်ကောင်စီ စစ်မှုထမ်းသင်တန်းကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ သိရှိထားသော်လည်း တစ်စုံတစ်ရာတားမြစ်ပိတ်ပင်ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၇ တွင်လည်း မွန်ပြည်နယ်ဒေသခံတို့အစား ရွေ့ပြောင်းလုပ်သားတို့သာ အစားထိုးခေါ်ဆောင်ထားပြီး ထိုက်သင့်သည့် ငွေကြေးပမာဏကိုလည်း ပေးဆောင်ထားသည်ဟု အဆိုပါ စစ်မှုထမ်းအရေး ကူညီဆောင်ရွက်နေသူက ဆိုသည်။

    မွန်ဒေသခံမဟုတ်သည့် ရွှေ့ပြောင်းလုပ်သားများကို မွန်ပြည်နယ်မှတ်ပုံတင်ပြုလုပ်ပေးနေသည့်အပေါ် နောင်တစ်ချိန်တွင် မွန်ဒေသအတွင်း ဗမာလူမျိုးကြီးစိုးသွားမည်ကိုလည်း မွန်ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

    BACS ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ ၅ အထိ စုဆောင်းခံသူ ၁ ထောင်ကျော်ရှိပြီး အများစုသည် ရွှေ့ပြောင်းလုပ်သားများ၊ ငွေကြေးမက်လုံးအမြောက်အများပေးဆောင်ထားသူများ၊ မူးယစ်ဆေးအပါအဝင် ပြစ်မှုတစ်စုံတစ်ရာကြောင့် ဖမ်းဆီးလာသည့် လူငယ်တို့ဖြစ်သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM မှ နိုင်အဲမွန်က ဆိုသည်။

    “စစ်အုပ်စုကခန့်အပ်တဲ့ အုပ်ချုပ်ရေးကိုယ်တိုင် စစ်မှူးထမ်းကိစ္စကို ဆောင်ရွက်နေတာရှိတယ် ဒါတွေအားလုံးက ရာဇဝတ်မှုနဲ့ ပဋိပက္ခအလယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ရာဇဝတ်မှုတွေကိုပိုပြီး ကျူးလွန်လာနိုင်ဖွယ်ရှိတဲ့အခြေအနေရှိတယ် နောက်ပြီးထိုင်းမှာ အဖမ်းခံရပြီး ပြန်လည်ပို့ခံရတဲ့ လူငယ်အင်အားစုတွေကိုပါ နယ်စပ်ဒေသမှာ စောင့်ပြီးတော့ ဖမ်းဆီးနေတာရှိတယ် အချို့ဆို သိန်း၃၀ /၄၀ နဲ့ပြန်ရွေးလိုက်ရတာရှိတယ် ပြန်မရွေးနိုင်တဲ့သူတွေက စစ်မှူးထမ်း ဗဟိုကိုအပ်ခံလိုက်ရတာရှိတယ် ” ဟု ပြောသည်။

    စစ်ကောင်စီမှ အပတ်စဉ်ခေါ်ယူနေသည့် လက်ရှိစစ်မှုထမ်းအပတ်စဉ် ၇ အတွက် ပဲခူးနှင့် မန္တလေးတိုင်းတို့တွင်မြို့ပေါ်အပြင် ကျေးရွာအတွင်းအထိဝင်ရောက်ကာ ညစဉ်ပေါ်တာဆွဲပြီး လူငယ်တို့ကို ဖမ်းဆီးခေါ်ဆောင်နေသည်ဟုလည်း သိရသည်။

    မွန်ပြည်နယ်အပါအဝင် စစ်ကောင်စီစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ မှ ၃ အထိ သင်တန်းဆင်းများကို ရှေ့တန်းသို့ပို့ဆောင်းထားပြီး သေဆုံးသူများလည်းရှိသလို လက်ရှိတွင် စစ်ကောင်စီမှ အပတ်စဉ် ၇ အထိ စတင်အကောင်ထည်ဖော်နေပြီးဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks