spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားသော်လည်း ပြောင်းလဲလာခြင်း မရှိဟု ဆို

    ဘုရားသုံးဆူမြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားသော်လည်း ပြောင်းလဲလာခြင်း မရှိဟု ဆို

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို အင်အားအလုံးအရင်းဖြင့် ထိန်းချုပ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA လက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် မြို့အတွင်း လက်နက်ခဲယမ်းကိုင်ဆောင်သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားသော်လည်း မည်သည်တစ်စုံတစ်ရာမှ ပြောင်းလဲလာခြင်းမရှိကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

    ဘုရားသုံးဆူမြို့အတွင်း DKBA တပ်ဖွဲ့ဝင်များ မြို့အတွင်းသို့ လက်နက်ခဲယမ်း ကိုင်ဆောင်သွား လာခြင်းအပါအဝင် အချက် ၁၂ အား ခွင့်မပြုကြောင်း DKBA ၏ အမှတ် (၂) နည်းဗျုဟာရုံး လေးဝဖလိုးရုံးမှ ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

    “သူတို့ (DKBA) တပ်ဖွဲ့ဝင်တွေက ဈေးသွားဝယ်တာပဲ ဖြစ်ဖြစ်၊ ဘယ်ကိုပဲသွားသွား ယူနီဖောင်းနဲ့ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ သွားလာနေကြတာလေ၊ အဲကြောင့် သူတို့ အခုလို ထုတ်ပြန်လာရတာပေါ့။ ထုတ်ပြန်ထားပေမဲ့ သွားလာမှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ အရင်လိုပဲ ဆက်ရှိနေတယ်။ ပြောင်းလဲလာတာတော့ မရှိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

    ယင်းအမိန့်စာတွင် တာဝန်ချိန်မှအပ မြို့တွင်းသို့ ယူနီဖောင်း၊ လက်နက်၊ ခဲယမ်းကိုင်ဆောင်သွားလာ ခြင်း ခွင့်မပြုရန်၊ DKBA တပ်ဖွဲ့ဝင်များ မြို့အတွင်းသို့ ဝင်ရောက်လိုပါက DKBA ဆက်ဆံရေးရုံးသို့ အသိပေးအကြောင်းကြားရန်၊ DKBA တပ်ဖွဲ့ဝင်များအားလုံးသည် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင် သွားလာခြင်း လုံးဝမပြုရန်၊ မြို့ထဲသို့ ဈေးဝယ်လိုပါက စစ်ဝတ်စုံနှင့် လက်နက်ခဲယမ်းကိုင်ဆောင်ခြင်း မပြုရန်၊ DKBA တပ်ဖွဲ့ဝင်များအနေဖြင့် ဘုရားသုံးဆူမြို့အတွင်း ဆူပူရမ်းကားခြင်း၊ လက်နက်ခဲယမ်း ခြိမ်းခြောက်ခြင်း မပြုရန် စသည့် အချက် ၁၂ ချက် ပါရှိသည်။

    သို့သော်လည်း DKBA တပ်ဖွဲ့ဝင်များအနေဖြင့် လက်ရှိ ဘုရားသုံးဆူမြို့အတွင်း လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်းများ ပုံမှန်အတိုင်း ဆက်ရှိနေပြီး မည်သည့်တစ်စုံ တစ်ရာမှ ပြောင်းလဲလာခြင်း မရှိဟု ဆိုသည်။

    “ဘာကိုမှ ပြောင်းလဲလာတာ မရှိနေဘူး။ ဒီဘုရားသုံးဆူမြို့ပေါ်မှာ ရှိနေတဲ့ DKBA တပ်ဖွဲ့ဝင် တွေက အရင်လိုပဲ သွားလာနေကြတယ်။ ထုတ်ပြန်ထားတဲ့အတိုင်း ဘာမှဖြစ်နေတာ မရှိဘူး။ ဈေးတွေ၊ လမ်းတွေမှာလည်း အရင်လိုပဲ လက်နက်တကားကားနဲ့ သွားလာနေကြတုန်းပဲ” ဟု အခြားမြို့ခံတစ်ဦး ဆက်လက်ပြောကြားသည်။

    လက်နက်ကိုင်မျိုးစုံ လှုပ်ရှားသွားလာနေသည့် ဘုရားသုံးဆူမြို့သည် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ ခြိမ်းခြောက်ပစ်ခတ်မှုများ နေစဉ်နီးပါး ဖြစ်ပေါ်လာနေသည်ကို ထိန်းချုပ်နိုင်ရန် ယခုကဲ့သို့ ထုတ်ပြန်လာရခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    လက်ရှိ ဘုရားသုံးဆူမြို့အတွင်း လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ လှုပ်ရှားနေသော်လည်း မြို့ကို ထိန်းချုပ်ထားသည်မှာ ဗိုလ်မှူးကြီးစောအေဝမ်း ဦးဆောင်သည့် DKBA လက်နက်ကိုင် အဖွဲ့သာ ဖြစ်သည်။

    “အခုက ဒီမြို့အတွင်းမှာတော့ လက်နက်ကိုင်မျိုးစုံ ရှိတယ်။ ဒါအပြင် တရုတ်နိုင်ငံသားတွေအပါအဝင် တခြားသူတွေရော တရားမဝင်လက်နက်ကိုင်ဆောင်တာတွေ များလာတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ သားတွေက DKBA ခွင့်ပြုချက်နဲ့ လက်နက်တွေ ကိုင်ဆောင်နေကြတယ်။ ပြီးတော့ ဒီလက်နက်တွေကြောင့် ပဋိပက္ခတွေ ခဏခဏ ဖြစ်ပေါ်လာနေတယ်။ ပြီးခဲ့တဲ့ရက်ကလည်း အမည်မသိလက်နက်ကိုင်တစ်ဖွဲ့ရဲ့ ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် ဒဏ်ရာရသွားတယ်။ ပြီးတော့ ဘယ်အဖွဲ့ အစည်းတွေမှန်းမသိပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေကို နေ့ရော၊ ညပါ မကြာခဏ ပစ်ခတ်နေတာ ရှိတယ်။ ဒါတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ထုတ်ပြန်တာ ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

    ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့ချိန်အထိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks