မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာရှိ နေအိမ် ၆ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က အင်အား ၂၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က ကားသုံးစီးဖြင့် ဥတ္တံတား (အတွင်း) ကျေးရွာထဲ ရောက်ရှိလာပြီး ရွာရှိ ဦးကျော်စွာ၊ ဦးအောင်ကျော်မိုး၊ ဒေါ်သန်းဦး။ ဦးစိန်သောင်း၊ ဦးဖိုးပျော့၊ ဦးစဦးတို့ နေအိမ်များကို ချိပ်ပိတ်လိုက်သည်။
အဆိုပါ နေအိမ်များသည် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ချိပ်ပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ချိပ်ပိတ်ခံရတဲ့နေအိမ်တွေက သဲကုန်းကျေးရွာမှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူတွေရဲ့ နေအိမ်တွေ နေထိုင်ခဲ့တဲ့ နေအိမ်တွေလို့ သိရတယ်။ အဲ့ဒီအိမ်တွေမှာ ကျန်ရစ်ခဲ့ကြတဲ့ မိဘတွေနဲ့ မိသားစုဝင်တွေကို နေအိမ်ချိပ်မပိတ်ခင်တစ်ပတ်လောက်အလိုကတည်းက အဲ့ဒီနေအိမ်တွေကနေ ပြောင်းရွေ့ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာပြောသွားတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
နေအိမ်များ ချိပ်ပိတ်ပြီးနောက်ပိုင်း ရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှစ်ရက်ခြားတစ်ကြိမ်၊ သုံးရက်ခြားတစ်ကြိမ် လှည့်ကင်းများလုပ်ဆောင်နေကြကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ပြိးခဲ့သည့် အောက်တိုဘာလ ၄ ရက်နှင့် ၆ ရက်နေ့က ပေါင်မြို့နယ် ဥတ္တံတား (အတွင်း) ကျေးရွာ၊ ညောင်ကုန်းကြီးကျေးရွာနှင့် သဲကုန်းကျေးရွာများတွင် ဒေသခံအမျိုးသား ၈ ဦးကို PDF အဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ပေါင်မြို့နယ် ဥတ္တံတား (အပြင်) ကျေးရွာက ဦးပြည့်ဖြိုးအောင်နှင့် ဦးစိုးထိုက်အောင် ဆိုသူတို့၏ နေအိမ်များကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သေးသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များ၊ NLD ပါတီ ဝန်းရံထောက်ခံသူများ၏နေအိမ်တချို့ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ နိုင်ငံတော်ပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းခံထားရကြောင်း သိရသည်။