Home သတင်း မော်လမြိုင်မြို့ပေါ်ရှိ နေအိမ်နှင့် ခြံစည်းရိုးများ ဆေးရောင်သုတ်ရန် စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်မြို့ပေါ်ရှိ နေအိမ်နှင့် ခြံစည်းရိုးများ ဆေးရောင်သုတ်ရန် စစ်ကောင်စီ ညွှန်ကြား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ပြည်သူနေအိမ်နှင့် ခြံစည်းရိုးများကို ဆေးရောင်သုတ်ရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားထားသည်ဟု မော်လမြိုင်မြို့ခံများထံမှ သိရသည်။

မော်လမြိုင်မြို့အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မိမိ၏နေအိမ်များကို မိမိကြိုက်နှစ်သက်သည့်အရောင်အား ရွေး၍ ဆေးခြယ်နိုင်သည်ဟုဆိုသော်လည်း ခြံစည်းရိုးကို မီးခိုးရောင်နှင့် ခြံစည်ရိုးအကာမျက်နှာပြင်ကို အဝါနုရောင် တူညီစွာ ဆေးသုတ်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးက နိုဝင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“အဓိကတော့ သူတို့က ခြံစည်းရိုးတွေကို မီးခိုးရောင် ဆေးသုတ်ခိုင်းတာ။ အိမ်တွေကိုတော့ ကိုယ်ရဲ့ရွေးချယ်ခွင့်ပဲ။ လောလောဆယ်တော့ သူများသုတ်တာ မတွေ့ရသေးဘူး။ မသုတ်ရင်လဲ သူတို့ဘာပြောမှာလဲ မသိသေးဘူး။ ကိုယ့်လဲ ဘာမှမလုပ်သေးဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

ထိုအပြင် မိမိတို့၏ နေအိမ်အဆောက်အဦနဲ့ ဝင်းနံရံများကိုလည်း သပ်ရပ်စွာ ထားရှိရမည်ဖြစ်ပြီး နေအိမ်ရှေ့ မျက်နှာစာနှင့် လမ်းနယ်နမိတ်များ၌ မြက်သန့်ရှင်းရေး ပြုလုပ်ထားကြရန်လည်း စစ်ကောင်စီက ပြောဆိုထားသည်။

အဆိုပါ လုပ်ငန်းများကို မြို့ခံများမှ ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရမည်ဖြစ်ပြီး သတ်မှတ်ရက် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ နောက်ဆုံးထား အပြီးသတ်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

“ဒီလိုထုတ်ပြန်တာက အရင်ကဆို မရှိခဲ့ဖူးဘူး။ ခုမှ တစ်ခါတွေ့ဖူးတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်ပြန်လဲ၊ ဘာအတွက်လဲ မသိရသေးဘူး။ ဒါပေမဲ့ ဒီလိုမဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု အခြားမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ပြည်သူ့နေအိမ်နှင့် ခြံစည်းရိုးများကို တူညီစွာဖြင့် ဆေးရောင်သုတ်ခိုင်းသည့်ကိစ္စသည် မြို့၏ လမ်းမကြီးများ၌ တည်ရှိနေသောနေအိမ်များကိုသာ အဓိကညွှန်ကြားထားပြီး အတွင်းပိုင်း ရပ်ကွက်ရှိ နေအိမ်များအား ညွှန်ကြားစာ မဖြန့်ဝေထားကြောင်း မော်လမြိုင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဆေးရောင်သုတ်ခိုင်းသည်ကို အသေးစိတ် မသိရသော်လည်း မော်လမြိုင်မြို့သည် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်၊ မြို့တော်သာယာလှပစေရန် ရည်ရွယ်ပြီး ထိုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြောဆိုထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.