spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းနဘုလယ်ဒေသတွင် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးနေဟု ဆို

    နဘုလယ်ဒေသတွင် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးနေဟု ဆို

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသဘက်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ရန် နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းလေးကြောင်းထိုးလာသည်ဟု ဒေသခံများထံမှ သိရသည်။

    စစ်ကောင်စီတပ်တို့သည် ထားဝယ်အထူးစီးပွားရေးဇုန်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကြောင်းထိုးလာသည့်အချိန်တွင် ကျေးရွာအတွင်းရှိ ဒေသခံတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုရှိနေသည်ဟုလည်း NUG ကာကွယ်ရေးလက်အောက်ခံ၊ ဗျူဟာ ၃၃၊ ဗျူဟာမှူးဖြစ်သူ စောဒါးကိုက ပြောသည်။

    “အဓိကက သူတို့ရွာတွေကို ဝင်ပြီးတော့ ရွာသားတွေကို လူသားဒိုင်းလုပ်ပြီးတော့ လမ်းပြလုပ်ခိုင်းတယ်။ ပြီးတော့ ဒီတော်လှန်ရေးတပ်တွေရှိတဲ့နေရာကို ဖော်ဆောင်ခိုင်းတာပေါ့။ အချို့ကိုဆို မိုင်းထောင်ထားတဲ့နေရာ မိုင်းဆွဲထားတဲ့နေရာတွေမှာဆို ရွာသားတွေကို ခေါ်ပြီး လူသားဒိုင်းအဖြစ် လမ်းလျှောက်ခိုင်းတာပေါ့” ဟု သူက ပြောသည်။

    ထို့နောက် စစ်ကောင်စီတို့သည် မူးဒူးကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အသက် ၅၀ ကျော်အရွယ်ရှိသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

    လူသားဒိုင်းအဖြစ် ဒေသခံတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်နေသည့်အပြင် ကျေးရွာအတွင်းရှိ ကုန်စုံဆိုင်၊ နေအိမ် စသည်တို့ကိုလည်း ဖောက်ထွင်းကာ မွှေနှောက်သွားသည်ဟု ဆိုသည်။

    “လက်ရှိအချိန်ထိတော့ သူတို့ (စစ်ကောင်စီစစ်ကြောင်း)က ရွာထဲမှာရှိနေတုန်းပဲ။ သူတို့က နယ်မြေရှင်းလင်းရေးပုံစံနဲ့ လာတာဆိုတော့ တစ်ရွာဝင်တစ်ရွာထွက် သွားနေတာပေါ့နော်။ ရွာသားတွေတော့ တိမ်းရှောင်နေဆဲပဲ” ဟု စောဒါးကိုက ဆက်ပြောသည်။

    စစ်ကောင်စီတပ်သည် ဒေသခံတို့ကို ဖမ်းဆီးခေါ်ဆောင်နေခြင်းကြောင့် နဘုလယ်ဒေသက မူးဒူး၊ လဲရှောင်၊ ပရဒတ်စသည့်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရေဖြူဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာက ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မောင်းမကန်ရွာဘက်မှ ရေဖြူမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks