Sunday, March 22, 2026
More
    spot_img
    Homeသတင်းထိုင်းနှင့် စစ်ကောင်စီ တွေ့ဆုံမှု ထိုင်းရောက်မြန်မာများအပေါ် သက်ရောက်မှုရှိလာနိုင်

    ထိုင်းနှင့် စစ်ကောင်စီ တွေ့ဆုံမှု ထိုင်းရောက်မြန်မာများအပေါ် သက်ရောက်မှုရှိလာနိုင်

    -

    ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာနှင့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုသည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအပေါ် သက်ရောက်မှုများရှိလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူများက ပြောကြသည်။

    ထိုင်းဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင်တို့သည် နိုဝင်ဘာလ ၇ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌ မဟာမဲခေါင်အစည်းအဝေးကာလအတွင်း သီးခြားတွေ့ဆုံခဲ့ကြစဥ် စစ်ကောင်စီက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အချက်အလက်များကို တောင်းခံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ထိုင်းသတင်းဌာနများထံ ဖြေကြားခဲ့သည်။

    ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးထူးချစ်က “ထိုင်းအစိုးရအနေနဲ့ကတော့ ဘယ်လိုမျိုးအစိုးရပဲ ဖြစ်ဖြစ်သူတို့အနေနဲ့ဆက်ဆံလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ နားလည်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ထိုင်းမြန်မာ နယ်စပ်ကြီးက တအားရှည်လျားတယ်။ နောက်ပြီးထိုင်းနိုင်ငံနဲ့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တဲ့စီးပွားရေးလုပ်ငန်းတွေကလည်း အများဆုံးလို့ ပြောလို့ရတဲ့ အနေအထားမှာ ထိုင်းအစိုးရအနေနဲ့ကတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ပြောလို့ရပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

    အဆိုပါ တွေ့ဆုံမှုအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ သက်တမ်းကျော်လွန်နေထိုင်သူများကို အရေးယူသည့် ဥပဒေအား အသိပေးထုတ်ပြန်လာခဲ့သည်။

    ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်ပြီး သက်တမ်းကျော်လွန်နေထိုင်သူများအနေဖြင့် တစ်ရက်သက်တမ်းကျော်လွန်လျင် ၅၀၀ ဘတ် ၊ ၃ လ အောက် သက်တမ်းကျော်လွန် နေထိုင်သူများအား ဘတ်ငွေ ၂ သောင်းထက်မပိုသော ဒဏ်ငွေအပြင် ပြည်ဝင်ခွင့် ၁ နှစ်မှ ၅ နှစ်အထိ ပိတ်ပင်နိုင်သည့် ဥပဒေအား ထုတ်ပြန်ခဲ့သည်။

    ထိုဥပဒေသည် ယခင်ကာလများကတည်းက ရှိပြီးဖြစ်သော်လည်း ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံမှုအပြီး အချိန်ကိုက်ပေါ်ထွက်လာခြင်းဖြစ်သည့်အပြင် မြန်မာအများစု ဝင်ရောက်နေထိုင်ကြသည့် နယ်စပ်မြို့များတွင် ထိုင်းရဲတပ်ဖွဲ့တို့က စစ်ဆေးမှုများ လုပ်ဆောင်လာကြကြောင်း သိရသည်။

    မဲဆောက်ဒေသခံတစ်ဦးက “အရင်ကလို ရဲကဒ်နဲ့ နေလို့မရတော့ဘူး။ ရဲကဒ်ဆိုတာက အထောက်အထားမရသေးတဲ့ အထူးသဖြင့် တော်လှန်ရေးသမားတွေ တရားမဝင်ရောက်နေတဲ့ လူတွေ လုပ်ကြတယ်။ ဒါပေမဲ့အခုအဲ့တာတွေ ဖမ်းလာတယ်။ အိမ်တွေဝင်စစ်တာတွေ ပါရှိလာတယ်။ ကြပ်လာတာပေါ့” ဟု ပြောပြသည်။

    လာမည့် ၂၀၂၅ ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများ သက်တမ်းတိုးရန်ရှိနေသည်ဟုလည်း သိရသည်။

    စစ်ကောင်စီ၏ အချက်အလက်တောင်းခံမှုသည် သာမန် ရွှေ့ပြောင်းအလုပ်သမားများအပေါ် များစွာသက်ရောက်မှု မရှိနိုင်သော်လည်း စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသည့် မြန်မာလူငယ်များ၊ တော်လှန်ရေးလုပ်ကိုင်နေကြသည့်သူများအပေါ် သက်ရောက်မှုရှိလာ နိုင်ကြောင်းလည်း ထောက်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks