မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအတွင်း ယနေ့နံနက်ပိုင်းအချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အခြေခံပညာ အလယ်တန်းကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က စစ်ကောင်စီတပ်၏ ရေးမြို့နယ် အာယုတောင်အခြေစိုက် ခလရ (၃၄၃) မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျုံလောင်းရွာဟောင်းထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“ပထမပစ်တာ ဘုန်းကြီးကျောင်းအနား ကျသွားတယ်၊ နောက်တစ်ကြိမ်ထပ်ပစ်မှ စာသင်ကျောင်း ထပ်ထိတယ်၊ မှန်တွေ ဘာတွေ ကွဲသွားတယ်၊ ကျောင်းဆရာတွေက ကျောင်းမှာပဲ အိပ်နေကြတယ်၊ လူတော့ မထိခိုက်ပါဘူး” ဟု ရွာခံတစ်ဦးက ပြောပြသည်။
စစ်ကောင်စီတပ်က ကျုံလောင်းရွာဟောင်းကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ် လိုက်ခြင်းကြောင့် စာသင်းကျောင်းဆောင်အချို့ အနည်ငယ်ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။
ထို့အပြင် ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သားသမီး အသက်အန္တရာယ် ထိခိုက်လာမည်ကို စိုးရိမ်ကြောက်လန့်၍ ယနေ့တွင် ကျောင်းဖွင့်ရက်ဖြစ်သော်လည်း မည်သူမှ ကျောင်းမတက်ရဲကြကြောင်း သိရသည်။
“ဒီနေ့ ကလေးတွေကို စိုးရိမ်လို့ ကျောင်းမပေးတက်ခိုင်းဘူး၊ အခုထိ စိတ်မကောင်းဘူး၊ ကျမ ကလေး ထိသွားရင် ဘယ်လိုနေရမှာလဲ စဉ်စားနေရင်းနဲ့ အရူးတောင်ဖြစ်တော့မယ်။ ကိုယ့်ကလေးလည်း KG ပဲဆိုတော့ တစ်ပတ်လောက် ပေးနားခိုင်ထားတယ်၊ လက်နက်ကြီးကျတဲ့နေရာနဲ့ အစ်မ သမီးနေတဲ့နေရာက နီးနီးလေးပဲ၊ (ဒီနေ့) ကျောင်းက မပိတ်ပေမယ့် ကျောင်းတက်တဲ့ လူလည်းမရှိဘူး” ဟု ကျောင်းသူမိခင်တစ်ဦးက ပြောသည်။
ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီးတဝိုက်တွင် အင်အား ၂၀၀ ကျော်ခန့်ရှိသည့် ရေးဘီလူး အဖွဲ့ဝင်တို့မှ အဓိက လှုပ်ရှားရာနယ်မြေဖြစ်ခြင်းကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများအပြင် လေကြောင်းဖြင့် ကင်းထောက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကောင်စီ၏ ရေးမြို့နယ်အခြေစိုက် ခလရ – ၃၄၃ နှင့် ခမရ -၅၈၇ တပ်ရင်းတို့မှ လူနေကျေးရွာနှင့် ရာဘာခြံများထဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျုံလောင်းရွာဟောင်း၌ အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးကာ အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။