spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတိုက်ပွဲအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု ရှိနေ

    ကျိုက်ထိုတိုက်ပွဲအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု ရှိနေ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးဒဏ်ရာရပြီး နေအိမ် တစ်လုံး မီးလောင်ပျက်စီးသွားသည်ဟု ကျိုက်ထိုဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့က တော်လှန်ရေးအင်အားစုများ လှုပ်ရှားနေသည့် ကျိုက်ထိုမြို့နယ်၊ ကျောက်ပုံ၊ မဲရုံကြီးနှင့် အထက်အင်္ဂဘိုကျေးရွာဘက်သို့ အင်အား ၂၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးထိပြီး ပျဉ်းကတိုးကုန်းကျေးရွာနေ ဦးသိန်းထွန်းဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပိန္နဲကုန်းကျေးရွာက နေအိမ်တစ်လုံး မီးလောင်ကျွမ်းပျက်စီးသွားခဲ့သည်ဟု ကျိုက်ထိုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “ပစ်လိုက်တဲ့လက်နက်ကြီးက ပိန္နဲကုန်းကျေးရွာမှာကျသွားတယ်။ ပြီးတော့ ၄ ရက်နေ့ မှာက စကစစစ်‌ကြောင်းပျဉ်းကတိုးကုန်ကျေးရွာအရောက် တော်လှန်ရေးအင်အားစုနဲ့ ထိ‌တွေ့တိုက်ပွဲဖြစ်တဲ့ချိန်မှာ ၄၀ မမ နဲ့ပြန်ပစ်တော့ ဦးသိန်းထွန်းအိမ်လည်း နည်းနည်းထိသွားတယ်။ ဦးသိန်းထွန်းကတော့ ကြောရိုးထိသွားတယ်” ဟု ၎င်းက ပြောသည်။

    နှစ်ဖက်တိုက်ပွဲကြောင့် ကျိုက်ထိုမြို့နယ်၊ ကျောက်ပုံ၊ မဲရုံးလေး၊ မဲရုံးကြီး၊ မိုးဘောနတ်စင်၊ ပန္နဲကုန်း၊ ပျဉ်းကတိုးကုန်းစသည့်ကျေးရွာများမှ ဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

    ဒေသတွင်း ဝင်ရောက်လာသည့် စစ်ကြောင်းက နိုဝင်ဘာလ ၇ ရက်နေ့က ပြန်လည်ထွက်သွားပြီးဖြစ်ကြောင်း၊ ထွက်ပြေးနေရသည့် ဒေသခံအများစုတို့ကလည်း နေရပ်ပြန်လာပြီးဖြစ်ကြောင်း သိရသည်။

    “ထိတွေ့တိုက်ပွဲ ဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီစစ်ကြောင်းက မရမ်းချောင်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်။ အခုတော့ စစ်ကြောင်းမရှိတော့ဘူး။ စစ်ရှောင်တွေ ကိုယ့်ရွာ ကိုယ့်အိမ် ပြန်လည်ရောက်ရှိနေကြပြီး” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

    ကျိုက်ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအဖွဲ့ဘက်ကလည်း တစ်ဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသသတင်းအရင်းအမြစ်များထံ သိရသည်။

    လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်သည့်အတွက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း သိပ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်းနီးပါး ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံတို့က ပြောသည်။

    နိုဝင်ဘာလ ၅ ရက်နေ့ ညကလည်း စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့တွင် အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး၊ အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    မွန်ပြည်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေရှင်း၏ လစဉ်အစီရင်ခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks