spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် အနန်းကွင်းဒေသခံများ သုံးလနီးပါးကြာသည်ထိ နေရပ်မပြန်နိုင်သေး

    တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် အနန်းကွင်းဒေသခံများ သုံးလနီးပါးကြာသည်ထိ နေရပ်မပြန်နိုင်သေး

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာတပ်စခန်းတိုက်ပွဲကြောင့် ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ သုံးလကျော်ကြာလာသည်ထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

    အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်ကစတင်တိုက်ခိုက်ခဲ့ရာ အနန်းကွင်းနှင့် အနီးနားတဝိုက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

    အနန်းကွင်းဗျူဟာတပ်စခန်းတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း၊ စစ်ဘေးရှောင်ကာလ ကြာလာသည့်အတွက် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရသည်ဟု မွန်ပြည်လူအခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်သည့် လစဉ်အစီအရင်ခံစာအရ သိရသည်။

    “တော်တော် များများကတော့ တပ်မဟာ ၆ အရှေ့ဘက်ဒေသကို ပိုပြီး ခိုလှုံကြတယ်။ အနီးအနား base တွေကနေ လက်နက်ကြီးနဲ့ ထုတာတွေ လေယာဉ်၊ ဒရုန်းတို့နဲ့ ဗုံးလာကြဲနေတာတွေ မကြာခဏဖြစ်နေတော့ ဒေသခံတွေက နေရပ်မပြန်နိုင်ဘူး။ ဆက်ပြီးခိုလှုံနေကြရတာ။ ပြန်ဖို့ဆိုတာကလည်း နေစရာမှ မရှိတော့သလို သူတို့အတွက် အသက်အန္တရာယ် အာမခံနိုင်မှု အခြေအနေမရှိဘူး။ အနန်းကွင်းကတော့ ရွာပျက်ပုံစံဖြစ် သွားပါပြီ” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမန်က ပြောသည်။

    တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် အနန်းကွင်းကျေးရွာနှင့် အနီးနားတဝိုက်ရွာများမှ ဒေသခံနေအိမ်အလုံး ၅၀၀ နီးပါးလည်း မီးလောင်းပျက်စီးသွားသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ အချက်အလက်များအရ သိရသည်။

    အနန်းကွင်းဗျူဟာတပ်စခန်းတိုက်ပွဲသည် နိုဝင်ဘာလဆန်းပိုင်းကစပြီး ပြန်ပြင်းထန်လာကြောင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်တို့ထံမှ သိရသည်။

    လက်ရှိတွင်လည်း အနန်းကွင်းဗျူဟာတပ်စခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းများ သံဖြူဇရပ်မြို့-ဘုရားသုံးဆူကာလမ်း၊ ရဲတံခွန်ကျေးရွာအနီးပတ်ဝန်းကျင်တွင် ရောက်ရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်တို့က တားဆီးတိုက်ခိုက်နေသည့်အတွက် အနန်းကွင်းဘက်သို့ ဆက်မသွားနိုင်ဘဲ ပိတ်မိနေသည်ဟု သိရသည်။

    “ဇီးနှစ်ပင် တစ်ဝိုက်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေရတယ်။ ဂျပန်တောင်ကနေ လက်နက်ကြီး ပစ်ကူနေတာလဲ ရှိတယ်။ ဝဲကလိအမြှောက်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူတယ်။ ရဲတံခွန်ဝန်းကျင်ဘက်မှာ စစ်ကားတွေ တွေ့ရတယ်။ တိုက်ပွဲဆက်ဖြစ်မလား မသိဘူး” ဟု ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေသည့် အနန်းကွင်းဝန်းကျင်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းလည်း ဖြတ်တောက်ခံထားရသည်ဟု ဒေသခံတို့၏ ပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks