spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းတရုတ်နယ်စပ်ဂိတ်များပိတ်မှုကြောင့် ရှမ်းမြောက်နှင့် ကချင်တွင် ကုန်စျေးနှုန်း မြင့်တက်

    တရုတ်နယ်စပ်ဂိတ်များပိတ်မှုကြောင့် ရှမ်းမြောက်နှင့် ကချင်တွင် ကုန်စျေးနှုန်း မြင့်တက်

    -

    တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များကို တရုတ်ဘက်က ပိတ်ထားမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ကုန်စျေးနှုန်းများ မြင့်တက်လာကြောင်း စုံစမ်းသိရှိရသည်။

    မြန်မာနိုင်ငံမြောက်ပိုင်းသည် တရုတ်နိုင်ငံနှင့် မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေပြီး နယ်စပ်မျဉ်းတလျောက် တရားဝင်နယ်စပ်ကုန်သွယ်ရေး ဂိတ် ၅ ခု ရှိသည်။

    ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းက တရားဝင် နယ်စပ်ဂိတ်များအားလုံးကို တရုတ်ဘက်က အကြောင်းအမျိုးမျိုးပြ ပိတ်လိုက်ခြၚ်းကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ ဒေသတွင်း ကုန်စျေးနှုန်းများ မြင့်တက်လာကြောင်း ကုန်သည်တို့က ပြောသည်။

    “မူဆယ်မှာက ၃ ပေပေါ့နော်။ သုံးပေမကျော်ပဲ ကုန်ပစ္စည်းတွေ တနိုင်တပိုင်သယ်လို့ရတယ်။ အဲဒီထက်ပိုသယ်လို့မရဘူး။ သူတို့ကပေတံနဲ့တိုင်းပြီးတော့ကို သယ်ရတာ။ နောက်ပြီးအဲ့တာကလည်း အခေါက်ရေရှိတယ်။ ခဏတိုင်း ပေးမသယ်ဘူး” ဟု နယ်စပ်တွင် ကုန်သွယ်နေရပုံကို ကုန်သည်တစ်ဦးက ပြောသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ ချင်းရွှေဟော်နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းကြောင့် လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။

    ရှမ်းမြောက် ဒေသအများစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က သိမ်းပိုက်ထားခြင်းကြောင့် မြေပြန့်ဒေသမှ ရှမ်းမြောက်သို့ ကုန်စည်စီးဆင်းမှုကိုလည်း စစ်ကောင်စီဘက်က တင်းကြပ်ထားသည်။

    လားရှိုးမြို့ခံတစ်ဦး “တနိုင်တပိုင်လောက် စားဖို့သောက်ဖို့ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ စျေးကတော့ ကြီးတာပေါ့ အရင်ရဲ့ နှစ်ဆလောက်ကို ပေးပြီး စားနေရတယ်။ တခါတလေ MNDAA ဘက်က ဝေပေးတာရှိတယ်။ အဓိက ဝယ်မရတာကတော့ စက်သုံးဆီပဲ” ဟု ပြောသည်။

    လားရှိုးတွင် စက်သုံးဆီတစ်လီတာ ကျပ်တစ်သောင်းထိ ပေးဝယ်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ကုန်စည်ပြတ်လပ်မှုကို ထိန်းညှိနိုင်ရန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကြိုးပမ်းလျက်ရှိသည်။

    တအာင်းနယ်မြေသို့ တင်သွင်းမည့် စားသောက်ကုန်၊ စက်သုံးဆီနှင့် အိမ်သုံးကုန်များကို အခွန်မဲ့ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး တရုတ်နှင့် မြန်မာပြည်အောက်ပိုင်းသို့ ပို့မည့် တင်ပို့ကုန်များအပေါ် အခွန်ကောက်ခံမည်ဟု TNLA က နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    ရှမ်းပြည်နယ်အလားတူ ကချင်ပြည်နယ်နှင့် တရုတ်နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာပြီးနောက် တရုတ်ဘက်က နယ်စပ်ဂိတ်များကို ပိတ်ပင်လိုက်သည်။

    ကချင်နှင့် တရုတ်နယ်စပ်က အကြီးဆုံး ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်အပါအဝင် ပန်ဝါနှင့် ဖီမော်ဂိတ်တို့ ပိတ်လိုက်ခြင်းကြောင့် မြစ်ကြီးနားအပါအဝင် စစ်ဘေးရှောင်စခန်းအထိပါ ကုန်စျေးနှုန်း ရိုက်ခတ်မှုရှိခဲ့သည်။

    “ကုန်ပစ္စည်းတွေက ချိစ့်တို့ ဘာတို့ကအစ အနီးဆုံးဆို မန္တလေးက မှာရတယ်။ ကုန်းလမ်းက တိုက်ပွဲတွေဖြစ်ပြီး လမ်းခဏခဏ ပိတ်တော့ လမ်းမှာပျက်စီးရော။ အသီးအရွက်တွေကတော့ ဒီဘက်က စိုက်ခင်းတွေဆီက ရနေသေးတော့ တော်သေးတာပေါ့။ ဒါပေမဲ့ ကြက်ဥကအစ စျေးတက်တယ်။ တစ်လုံးကို တစ်ထောင်က အနည်းဆုံး ပေးစားနေရတယ်။ အခု ကန်ပိုက်တီဘက်က ပိတ်တော့ ဆီစျေးတွေပါ တက်သွားတယ်။ ဓာတ်ဆီက အရင်က တစ်လီတာ ငါးထောင်က အခု တစ်သောင်းဖြစ်သွားပြီ” ဟု မြစ်ကြီးနားမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    တရုတ်အစိုးရက နယ်စပ်ဒေသလုံခြုံရေးကိုအကြောင်းပြကာ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းကြောင့် ဆန်၊ ဆီ၊ ဆားအပါအဝင် စားသောက်ကုန်များနှင့် စက်သုံးဆီ အဆမတန်စျေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

    တရုတ်နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းအပေါ် ထောက်ခံကြိုဆိုကြောင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၆ ရက်နေ့ တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks