spot_img
Tuesday, December 24, 2024
More
    spot_img
    Homeသတင်းစစ်ကောင်စီကို မဲခေါင်အစည်းအဝေးတက်ဖို့ တရုတ် ဘာကြောင့် ဖိတ်သလဲ

    စစ်ကောင်စီကို မဲခေါင်အစည်းအဝေးတက်ဖို့ တရုတ် ဘာကြောင့် ဖိတ်သလဲ

    -

    တရုတ်နိုင်ငံတွင် ကျင်းပမည့် မဲခေါင်အစည်းအဝေးသို့ တက်ရောက်ရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်က ထွက်ခွာသွားပြီဖြစ်သည်။

    တရုတ်အနေဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌကို မဲခေါင်အစည်းအဝေး တက်ရောက်ရန် ဖိတ်ခေါ်သည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းများကြား ဝေဖန်သုံးသပ်မှုလည်း ရှိနေသည်။

    နွေဦးတော်လှန်ရေးသည် အတိုင်းအတာတစ်ခုထိ အောင်မြင်နေပြီး စစ်ကောင်စီဘက်က အကျပ်အတည်း ဖြစ်နေသည်ကို ဖြေလျော့ရန် တရုတ်က ဖိတ်ခြင်းဟု မြင်မိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

    “တရုတ်အနေနဲ့ မအလကိုနေပြီး အသိအမှတ်ပြုဖို့ သူကိုယ်၌ကိုယ်က ကျနော်တို့လို နွေဦးတော်လှန်ရေးမှာ ပါနေတဲ့ဟာကို လက်မခံနိုင်ဆိုတဲ့ ဟာကို ပြောချင်တယ်။ နောက်တစ်ဖက်မှာ အခုက နွေဦးတော်လှန်ရေး ကလည်းပဲ ၃ နှစ်ကျော် ၄ နှစ်ဖြစ်လာပြီ။ တော်လှန်ရေးက အတိုင်းအတာ တစ်ခုအထိ ခရီးပေါက်နေတယ်၊ အောင်မြင်မှုလမ်းကြောင်းကနေ စကစဟာ အကျပ်အတည်းရောက်နေပြီ။ အဲဒီအကျပ်အတည်းကို ဖြေလျော့ဖို့အတွက် ဖိတ်တယ်။ တနည်းအားဖြင့် တရုတ်နယ်စပ်ကနေပြီး မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့တာ ကုန်စည်စီးဆင်းမှုကအစ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖိအားပေးတာတွေ လုပ်နေတယ်။ ဒီဟာတွေကို အခု မအလ ခရီးစဉ်က ပိုပြီးကို သူတို့ဖက်ကို အလေးသာစေတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီ ဥက္ကဋ္ဌက တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည့် အဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဟု စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်နေ့က အတည်ပြုထုတ်ပြန်ထားသည်။

    ၎င်းပြင် ၁၀ ကြိမ်မြောက် ဧရာဝတီ-‌ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတို့ကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီအနေဖြင့် တရားဝင်မှုရရန် အခွင့်အရေးရတုန်း တရုတ်ခြေထောက်ကို ပြေးဖက်သည်ဟုသာ ကောက်ချက်ချလိုကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြည်က ပြောသည်။

    “မင်းအောင်လှိုင်က အဓိက သူက ဘယ်လိုသုံးမလဲ Legitimacy (တရားဝင်မှု) ရဖို့အတွက်ကို တရုတ်ကို ခြေထောက်ပြေးဖက်နေတယ်လို့ပဲ ကောက်ချက်ချချင်တယ်ပေါ့နော်။ တရုတ်ကလည်း သူ့ကို ပစ်ထားတာ ကြာပြီဆိုတော့ အခု အခွင့်အရေးရတုန်း အပြေးအလွှားကို သူက တရုတ်ရဲ့ ခြေထောက်ပြေးဖက်တယ်လို့ပဲ ကောက်ချက်ချချင်တယ်ပေါ့နော်။ အခုဆို စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို တရုတ်ကနေ Background ကနေ ကျားကန်ပေးနေတဲ့အတွက် သူကလည်း အားရပြီးတော့ ဘယ်လိုပြောမလဲ တရုတ်က ဖိတ်တဲ့ဟာကို အပြေးအလွှားသွားတယ်လို့ပဲ ယူဆတယ်ပေါ့” ဟု ၎င်းက ပြောသည်။

    တရုတ်သည် စစ်ကောင်စီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို အားပေးထောက်ခံနေသလို တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်များကိုလည်း ဖိအားပေးလျက်ရှိသည်။

    မြန်မာပြည်တွင် တရုတ်၏ ရင်းနှီးမြှပ်နှံမှု အများအပြားရှိနေသလို သမုဒ္ဒရာထွက်ပေါက်သည်လည်း တရုတ်အတွက် အရေးကြီးနေကြောင်း ၎င်းတို့ အကျိုးစီးပွားအတွက် တရုတ်က စစ်ကောင်စီကို အသုံးချခြင်းဖြစ်ကြောင်း ဦးမျိုးကျော်က သုံးသပ်သည်။

    “ဗမာပြည်အနေနဲ့မှာ သူတို့(စစ်ကောင်စီ) အားကိုးရာ တရုတ်၊ ရုရှားပေါ့နော်၊ ဒီအုပ်စုတွေကလွဲလို့ သူတို့ကို ကူမယ့်သူတွေ မရှိတော့ဘူး။ မရှိတော့ဘူးဆိုတဲ့အချိန်မှာ အဲဒါကြောင့်လည်း မအလလည်း တရုတ်ဖက်ကို ပြေးကပ်တဲ့သဘောပေါ့နော်၊ တရုတ်အနေနဲ့လည်း ကမ္ဘာကြီးပေါ်မှာ သူတို့ရဲ့ ပါဝင်ချိန်ခွင်လျှာမှာ မြန်မာနိုင်ငံဟာလည်း အခု သမုဒ္ဒရာ နှစ်စင်းထွက်ပေါက်မှာ သူတို့အတွက် အင်မတန်အရေးကြီးတယ်။ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုဟာလည်း နိုင်ငံထဲမှာ အတော်အတန် မြင့်တယ်ပေါ့။ ဒီလို သုံးမရတဲ့ ကောင်မျိုးတွေ အုပ်ချုပ်နေရင်တော့ သူတို့အတွက် ပိုသဘောကျတယ်။ အဲဒါကြောင့်လည်း အဲဒီလိုလူမျိုးကို သူတို့ကတော့ သူတို့အကျိုးစီးပွားအတွက် တည်ပြီးထားချင်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဦးမျိုးကျော်က ဆက်ပြောသည်။

    စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်တွင် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသွားရန် ရှိနေသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,400SubscribersSubscribe
    spot_img

    Latest posts