မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို ရှင်းလင်းတင်ပြရန်နှင့် ပြည်သူလူထုအသံ၊ အကြုံပြုချက်များရယူရန် မွန်လူမှုအဖွဲ့အစည်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ခြင်းပြီး အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် NMSP-AD ဒု-အဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်က နိုင်ငံရေးအခြေအနေများကို တင်ပြခဲ့ပြီး စစ်ရေးဆိုင်ရာကိစ္စရပ်များကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတို့က တင်ပြခဲ့သည်ဟု သိရသည်။
“ဒီတွေ့ဆုံပွဲက အဓိကကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေကို NMSP-AD က ပြည်သူတွေကို တွေ့ဆုံရှင်းလင်း တင်ပြတာ ဖြစ်ပါတယ်။ ဒီကနေ့ဟာလည်း တနိုင်ငံလုံးမှာ တိုက်ပွဲဖြစ်နေတယ်။ ဒီစစ်ပွဲတွေက မွန်ပြည်နယ်နဲ့လည်း ဆက်စပ်နေတာ ဖြစ်တယ်လေ။ ဒါကြောင့် ဒီမွန်ဒေသဘက်မှာ တိုက်ပွဲတွေ ဘယ်လိုမျိုးပြင်းထန်လာနိုင်တာ ရှိလဲ။ ဘယ်လိုမျိုး ဖြစ်လာနိုင်လဲ ဆိုတဲ့အကြောင်းတွေကို NMSP-AD တာဝန်ရှိသူတွေက ဆွေးနွေးတင်ပြခဲ့တယ်။ ပြီးတော့ ကျနော်တို့ လှုပ်ရှားလာတဲ့ ၈ လတာ ကာလအတွင်း စစ်ရေး၊ နိုင်ငံရေးအရ ဘယ်လိုမျိုး လှုပ်ရှားနေလဲဆိုတာကို ပြည်သူတွေ သိနိုင်ဖို့ ရှင်းလင်းခဲ့တယ်။ အဓိကတစ်ချက်က လက်ရှိတိုက်ပွဲဝင်နေကြတဲ့ မွန်လက်နက်ကိုင်တွေအားလုံး ဘယ်လိုမျိုး ပူးပေါင်းနေလဲ၊ ဘယ်လိုမျိုး စီစဉ်ထားတာလဲဆိုတာကို ပြည်သူတွေကို ရှင်းလင်းတင်ပြခဲ့တယ်” ဟု NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်စကားက ပြောသည်။
NMSP-AD တာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသူတို့က သိရှိလိုသည်များကို မေးမြန်းပြီး အကြံပြုချက်များလည်း တင်ပြဆွေးနွေးခဲ့သည်ဟု နိုင်ကောင်စကားက ဆက်ပြောသည်။
မွန်ပြည်သစ်ပါတီ NMSP-AD သည် ပြီးခဲ့သည့် မေလအတွင်းကလည်း ပြည်တွင်း၊ ပြည်ပက မွန်အဖွဲ့အစည်းများ၊ သံဃာတော်များနှင့် အွန်လိုင်းက တဆင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
မွန်ပြည်သစ်ပါတီ NMSP-AD အနေဖြင့် မွန်လူထု၊ မွန်အဖွဲ့အစည်းများအပြင် လူငယ်များ၊ ပြည်ပရောက် မွန်လူမျိုးစုများနှင့်လည်း တွေ့ဆုံဆွေးနွေးပြီး လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေး၊ နိုင်ငံရေးအခြေအနေအရပ်ရပ်များကို တင်ပြဆွေးနွေးလေ့ရှိသည်။
မွန်ပြည်သစ်ပါတီ NMSP-AD သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP မှ ခွဲထွက်ကာ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။