spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမြဝတီ-ကော့ကရိတ်လမ်းတွင် ဂိတ်အရေအတွက်များလာပြီး ဂိတ်ကြေးကောက်ခံမှု မြင့်မားလာ

    မြဝတီ-ကော့ကရိတ်လမ်းတွင် ဂိတ်အရေအတွက်များလာပြီး ဂိတ်ကြေးကောက်ခံမှု မြင့်မားလာ

    -

    မြဝတီ-ကော့ကရိတ်နယ်စပ်ကုန်သွယ်ရေး လမ်းဟောင်းတလျှောက်တွင် ဂိတ်အရေအတွက်များလာပြီး ဂိတ်ကြေးကောက်ခံမှုလည်း မြင့်မားလာကြောင်း ကားသမားနှင့် ခရီးသွားပြည်သူတို့ထံမှ သိရသည်။

    မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် တိုက်ပွဲကြောင့် ယနေ့ထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် မြဝတီ-ကော့ကရိတ်လမ်းဟောင်းအပြင် တောလမ်းဖြစ်သည့် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းတို့ကို သွားလာအသုံးပြုနေကြရသည်။

    မြဝတီ-ကော့ကရိတ်လမ်းတလျှောက်တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နယ်ခြားစောင့်တပ် BGF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့ အစရှိသည့် အဖွဲ့အစည်းများ ဖွင့်ထားသည့် ဂိတ်ပေါင်း ၅၀ ထက်မနည်းရှိလာသည်ဟု ဆိုသည်။

    ဂိတ်များလာသည့် ဂိတ်ကြေးပေးဆောင်ရမှုလည်း များလာကြောင်း ဂိတ်တစ်ဂိတ်လျှင် ယာဉ်အမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၅၀၀၀ မှ ကျပ်သိန်းချီထိ ပေးဆောင်နေကြရသည်ဟု ကားသမားတစ်ဦးက ပြောသည်။

    “အဲလမ်းကြောတလျှာက်မှာ ဂိတ်ပေါင်း ၅၀ ထက်မနည်း ရှိလာတယ်။ တစ်ဂိတ်ကို တစ်သောင်းပဲ တောင်းနေတာ။ ငါးထောင်ကျပ်ပဲ တောင်းတဲ့ဂိတ်က နှစ်ဂိတ်ပဲ ရှိတယ်။ တစ်လမ်းလုံး ကားရပ်ခိုင်းပြီးကိုတောင်းနေကြတာ။ ကုန်တင်ကားတွေဆို သိန်းချီပေးနေရတယ်” ဟု ၎င်းက ပြောသည်။

    လမ်းတလျှောက် စစ်ဆေးရေးဂိတ် များလာပြီး၊ ဂိတ်ကြေးတောင်းခံမှု များလာသလို စစ်ဆေးမှုလည်း ရှိနေသည့်အတွက် သွားလာနေသည့် ကားများနှင့် ခရီးသည်များအတွက် အဆင်မပြေကြောင်း ခရီးသည်တို့က ပြောသည်။

    “ဒေါနတောင်တက်တော့ တောင်ပေါ်စတက်ထဲကနေ စကောက်တယ်။ ဂိတ်တိုင်း ပေးရတယ်။ တောင်ထိပ်ရောက်ရင် မရှိတော့ဘူး။ တောင်ပြန်ဆင်းရင် မြဝတီဘက် မရောက်ခင် တစ်လမ်းလုံးက ဂိတ်အပြည့်ပဲ။ ကားသမားတွေက တစ်ဂိတ်မှ မပေးရတာ မရှိဘူး။ ဂိတ်တိုင်ပေးရတယ်။ အဲဘက်က ရဲနဲ့ စစ်သားမဟုတ်တော့ဘူး။ လက်နက်ကိုင်ပေါင်းစုံ ဂိတ်တွေကြီးပဲ။ တစ်ပေအကွာ တစ်ဂိတ်ဆိုတော့ ကားသမားလဲအဆင်မပြေ ခရီးသည်အတွက်လည်း အဆင်မပြေနေဘူး။ တစ်လမ်းလုံးမှာဆိုရင် အများဆုံးက BGF ဂိတ်တွေပဲ။ တစ်ခါတစ်လေ မှတ်ပုံတင်စစ်တယ်။ နိုင်ငံခြားငွေပါရင် ပိုပြဿနာရှာတယ်” ဟု ခရီးသည်တစ်ဦးက ပြောသည်။

    မြဝတီ-ကော့ကရိတ်လမ်းပိုင်းတလျှောက် စစ်ဆေးရေးဂိတ်များပြီး ဂိတ်ကြေးပေးဆောင်ရမှုများလာသည့်အတွက်ကြောင့် ကားခများ အဆမတန်စျေးတက်လာသလို ထိုလမ်းမှတဆင့် တင်သွင်းသည့်ကုန်ပစ္စည်းများလည်း ‌ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

    ထိုင်းကုန်ပစ္စည်းများဖြစ်သည့် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းကို ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းတစ်ခုဖြစ်သည့် မြဝတီ-ကော့ကရိတ်လမ်းမှတဆင့် တင်သွင်းပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာသာမက မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks