spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းစစ်အုပ်စု ဖမ်းဆီးပြီးနောက် သေဆုံးခဲ့ရသူ ၁၀ လအတွင်း ၅၀ ဦးရှိ

    စစ်အုပ်စု ဖမ်းဆီးပြီးနောက် သေဆုံးခဲ့ရသူ ၁၀ လအတွင်း ၅၀ ဦးရှိ

    -

    စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်းတို့၏ တရားဝင်ထိန်းသိမ်းရေးစခန်းများတွင် သေဆုံးခဲ့ရသူ ၁၀ လအတွင်း ၅၀ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်သည်။

    AAPP ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၉ ရက်နေ့အထိ စစ်အုပ်စု ထိန်းသိမ်းရေးစခန်းများဖြစ်သည့် စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား ၁၂ ဦး၊ ရဲစခန်းတွင် သေဆုံးသူ အမျိုးသား ၁၁ ဦးနှင့် အကျဉ်းထောင်တွင် သေဆုံးသူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂၅ ဦး၊ စုစုပေါင်း ၅၀ ဦးရှိသည်။

    စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်နေသည့် တော်လှန်ရေးအဖွဲ့များကို ပြည်သူများ ကူညီထောက်ပံ့မှု မလုပ်ဆောင်နိုင်ရန် အကျဉ်းထောင်နှင့် အချုပ်စခန်းများရှိ နိုင်ငံရေးအကျဉ်းသားများကို အကြမ်းဖက် သတ်ဖြတ်မှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်ပြနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထောက်ပြသည်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ရည်ရွယ်ချက်ရှိရှိ စစ်ကြောရေးနှင့် ရဲစခန်းတွင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း စသည့် ဆိုးဝါးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံရေးအကျဉ်းသားတို့က ဆက်တိုက်ကျူးလွန်ခံနေရသည်ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “စစ်ကြောရေးမှာက ကျန်းမာရေးကြောင့်မဟုတ်ဘဲနဲ့ အသတ်ခံနေရတယ်။ ကျနော်တို့ သတင်းမရလို့ လက်လှမ်းမမှီတဲ့ အခြေအနေကြောင့် မှတ်တမ်းမတင်လိုက်ရတာ အများကြီးရှိနိုင်သေးတယ်။ စစ်အုပ်စုက သူတို့ကို နောက်ထပ်နောက်ထပ် လူတွေ မတော်လှန်ရဲအောင်၊ ဆန့်ကျင်တော်လှန်နေတဲ့လုပ်ငန်းစဉ်တွေမှာ မကူညီရဲအောင် တမင်သက်သက် အသက်သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်နေတာပဲလို့ ထင်မိပါတယ်” ဟု ၎င်းက ဆိုသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ကပင် ထားဝယ်အကျဉ်းထောင်တွင် လေဖြတ်ရောဂါခံစားနေရသည့် အကျဉ်းသားတစ်ဦး သေဆုံးခဲ့သည့်ကိစ္စသည် စစ်ကောင်စီ၏ မတရားအကြမ်းဖက် သတ်ဖြတ်နေသည့် လုပ်ရပ်ကို သိသာစေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    “လေဖြတ်တာက ချက်ချင်းသေစရာအကြောင်းမရှိဘူးပေါ့ဗျာ။ အချိန်မီဆေးကုသခွင့်မပေးလို့ အသက်ပေးဆပ်သွားရတာ။ အခြားအကျဉ်းသားတွေလည်း ထို့နည်း၎င်းပါပဲ။ အသက်အန္တရာယ်အရေးပေါ်အချိန်မှ ဆေးကုသခွင့်ပေးတာပါ” ဟု အထက်ပါတာဝန်ရှိသူ ပြောသည်။

    ယခုနှစ်အတွင်း စစ်အုပ်စု၏ ဥပဒေမဲ့ သတ်ဖြတ်မှုကြောင့် မြစ်ကြီးနားအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အများဆုံး သေဆုံးခဲ့ရပြီး၊ ဆေးဝါးမလုံလောက်မှုကြောင့် ဒိုက်ဦးထောင်မှ အကျဉ်းသား အများဆုံးသေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ထံမှ သိရသည်။

    စစ်အာဏာရှင်ကို တော်လှန်နေကြသည့်အဖွဲ့အသီးသီးတို့အပြင် နိုင်ငံတကာအဖွဲ့အစည်းတို့အနေဖြင့်လည်း စစ်ကောင်စီ၏ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ မလုပ်ဆောင်ရန် စစ်ကောင်စီကို တော်လှန်နေသည့်အဖွဲ့အသီးသီးတို့အပြင် နိုင်ငံတကာအဖွဲ့အစည်းတို့ကလည်း ဖိအားပေး တောင်းဆိုမှုများ လုပ်ဆောင်နေသော်လည်း စစ်ကောင်စီက ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

    အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်သား ၁၀၃ ဦး ရှိပြီး၊ ၎င်းထဲတွင် ဆေးဝါးမလုံလောက်မှုကြောင်း သေဆုံးခဲ့ရသူ ၆၃ ဦး ပါဝင်သည်ဟု AAPP က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks