Sunday, March 8, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးတွင် စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်၊ ပြည်သူတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရ

    ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်၊ ပြည်သူတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာချောင်းဖျားကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင်း အရပ်သားပြည်သူတစ်ဦး သေဆုံးသွားပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က သံပုရာချောင်းဖျားကျေးရွာဘက်ကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ကင်းထောက်မှုပြုခဲ့ပြီး နေ့လည် တစ်နာရီအချိန်ခန့်တွင် တိုက်လေယာဉ် Yak-130 ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ပစ်ခတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ပေါင် ၅၀၀ ဗုံးသည် သံပုရာချောင်းဖျားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၃၀ နှစ်အရွယ် စောသဲမူး သေဆုံးသွားပြီး၊ အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    လေယာဉ်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် နေအိမ် နှစ်လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းလည်း ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံတို့က ပြောသည်။

    အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ညကလည်း ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၅၄၅ နှင့် ၅၄၆ တို့မှ ကော့ကရိတ်မြို့နယ်၊ ညောင်ရိပ်သာကျေးရွာထဲကို လက်နက်ကြီးများဖြင့် ရမ်းသတ်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု စစ်မြေပြင် သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ညောင်ရိပ်သာကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    “အဲနေ့ (အောက်တိုဘာ ၂၆) ည ၉ နာရီ ၅၀ မိနစ်အချိန်လောက်မှာ ညောင်ရိပ်သာရွာအစွန်နားကို လက်နက်ကြီးကျတယ်။ လင်မယားနှစ်ယောက် ထိတယ်လို့ ကြားတယ်။ မိန်းမက ခါးထိထားတယ်။ ယောင်္ကျားက ခြေထောက် ထိသွားတယ်လို့ ကြားတယ်။ ရွှေ့ပြောင်းလုပ်သားမိသားစုလို့တော့ ပြောတယ်။ လောလောဆယ် ဘယ်မှ သွားလို့မရဲ မီးရောင်တွေ့ရင် ထပ်ပစ်လာမှာ ကြောက်နေကြတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    ကျုံဒိုးမြို့နယ်သည် တော်လှန်ရေးအင်အားစု လှုပ်ရှားမှုအားကောင်းသည့် နယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။

    ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်း ကော့ကရိတ်တိုက်ပွဲပြင်းထန်ချိန်က ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ရိပ်သာကျေးရွာတွင် နေအိမ် အလုံး ၁၀၀ ခန့် မီးလောင်ပျက်စီးသွားခဲ့သေးသည်။

    စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာနေရာဒေသကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ပြုလုပ်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks