spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းရာသီဥတုကြောင့် ဆားကျုံးနိုင်မည့်အကြိမ်ရေ လျော့နည်းနိုင်ဟုဆို

    ရာသီဥတုကြောင့် ဆားကျုံးနိုင်မည့်အကြိမ်ရေ လျော့နည်းနိုင်ဟုဆို

    -

    မွန်ပြည်နယ်တွင် အောက်တိုဘာလနောက်ဆုံးအပတ်ထိ မိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်သည့်အတွက် ဆားလုပ်ငန်း အချိန်မီ မစတင်နိုင်ခြင်းကြောင့် ဆားထွက်ရာသီတွင် ဆားကျုံးနိုင်မည့် အကြိမ်ရေလည်း လျော့နည်းသွားမည်ဟု ဆားတောင်သူတို့က ခန့်မှန်းကြသည်။

    ဆားထုတ်လုပ်မှုလုပ်ငန်း စတင်လုပ်ကိုင်ရန်အတွက် ဆားကွင်းပြင်ဆင် ရှင်းလင်းခြင်း၊ လုပ်သားစုဆောင်းခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ပင်လယ်ရေသွင်းကာ နေလှန်းသည့်အဆင့်ကို မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

    ယင်းအခြေအနေကြောင့် ဆားအသစ်ထွက်လေ့ရှိသည့် ဒီဇင်ဘာလတွင် ဆားကျုံးနိုင်ရန် မသေချာသည့်အခြေအနေရှိနေသည်ဟု သံဖြူဇရပ်မှ ဆားတောင်သူတစ်ဦးက ဆိုသည်။

    “ကျနော်တို့မှာ နှစ်တိုင်းပဲ သူများထက် စောစောကျုံးတယ်။ ခါတိုင်း ကျိုက်ခမီဘုရားပွဲအလွန်ဆို ဆားငန်ရေကို နေလှန်းနေပြီးလေ။ အဲဒါပြီးရင် တစ်လမပြည့်တစ်ပြည့်ဆို ကျုံးနေပြီး။ အခုအခြေအနေက မိုးကဖျက်နေတော့ ဘာမှလုပ်မရဘူး” ဟု ၎င်းက ပြောသည်။

    ၎င်းပြင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလတို့တွင် မိုးရွာသွန်းခြင်းမရှိဘဲ ရာသီဥတုကောင်းမွန်မှသာ ဆားအထွက်နှုန်း ပြန်တိုးနိုင်မည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    ရာသီဥတုအပြင် နိုင်ငံရေးအခြေအနေကြောင့် လုပ်သားရှားပါးမှုနှင့် ဆားဈေးကွက်ပျက်လာသည့်အပေါ် ဆားလုပ်ငန်း စတင်ရန် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်ဟုလည်း သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှ ဆားလုပ်ငန်ရှင် နိုင်ဟုက ဆိုသည်။

    “လောလောဆယ်က ရာသီဥတုအကြောင်း ကမ္တာက ဘာပြောလဲဆိုတာ နားစွင့်နေရတယ်။ တကယ်လို့ ၂၀၂၅မှာ လာနီညာ ရာသီဥတုဖြစ်ရင် မိုးက ထပ်များအုံးမှာပဲ။ ပြီးရင် ဒီနှစ်အတွက် လုပ်သားရဖို့ တော်တော်ခက်တယ်။ ကျွန်တော်တို့ဆီမှာက ရန်ကုန်တို့ ဧရာဝတီဘက်တို့ကပဲ လာတာများတယ်။ ခုဆို သွားလာရေးကလဲ တင်းကြပ်နေတော့ သူတို့မလာနိုင်ရင် အကုန်လုံးခက်သွားလိမ့်မယ်” ဟု အခြားဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    အောက်တိုဘာလအတွင်း မွန်ပြည်နယ်ထွက် နေလှန်းဆား တစ်ပိဿာ ၁၉၀ ကျပ် ဝန်းကျင်ဖြင့် ဈေးငြိမ်နေပြီး လမ်းခရီးမလုံခြုံမှုကြောင့် ကရင်ပြည်နယ်နှင့် တနင်္သာရီဘက်သို့ ဆားတင်သွင်းမှု ရပ်နားထားရကြောင်း သိရသည်။

    လက်ရှိဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လာသည့် မုန်တိုင်းငယ်အရှိန်ကြောင့် အောက်တိုဘာလနောက်ဆုံးပတ်အတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် မိုးကြီးနိုင်ပြီး သဘာဝဘေးအန္တရာယ်တို့လည်း ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

    ယမန်နှစ် ဆားထုတ်လုပ်ရာသီကလည်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားကွင်း မိုးရေဝင်ရောက်ပြီး ဆားအငံဓါတ်လျော့နည်းကာ မွန်ပြည်နယ် ဆားအထွက်နှုန်းလျော့ကျ သွားခဲ့ပြီး ဆားတန်ချိန် ၆ သောင်းခန့်သာ ထွက်ရှိခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းများကို နှစ်စဉ်တန်ခူးလလယ်ခန့်တွင် ရပ်နားလေ့ရှိသော်လည်း မိုးရွာသွန်းမှုအပေါ်မူတည်၍ နေလှန်းဆားလုပ်ငန်းအချို့ ကဆုန်လအထိ လုပ်ကိုင်နေကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks