Friday, April 3, 2026
More
    spot_img
    Homeသတင်းသီပေါမြို့ကို TNLA သိမ်းပိုက်

    သီပေါမြို့ကို TNLA သိမ်းပိုက်

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အောက်တိုဘာလ ၁၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA က အတည်ပြု ပြောဆိုသည်။

    သီပေါမြို့ကို TNLA က ဩဂုတ်လအစောပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး နှစ်လခန့်အကြာတွင် အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျွန်မတို့ မနေ့က ၁ နာရီလောက်မှာ သိမ်းပိုက်လိုက်တာ မှန်ပါတယ်။ ၂ လလောက်တော့ တိုက်ခိုက်ရပါတယ်။ ကျွန်မတို့ဘက်ကလည်း ဆုံးရှုံးမှုတွေရှိပါတယ်။ လက်နက်ချတာလည်း ၁၀၀ ကျော်တော့ရှိမယ် ထင်တယ်။ အတိအကျ ကျွန်မဆီ စာရင်းမရောက်သေးဘူးရှင့်” ဟု ပြောသည်။

    TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းတွင် ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက်ဆုံးကျန်သည့် သီပေါမြို့ကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    သီပေါမြို့တွင် ပြီးခဲ့သည့် ကာလအတွင်း စစ်ကောင်စီမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

    သီပေါမြို့ပေါ်တွင် စစ်ကောင်စီတပ် ခမရ ၅၀၃၊ ခမရ ၅၀၄ နှင့် ခလရ ၂၃ တို့ရှိပြီး ခမရ ၅၀၃ နှင့် ၅၀၄ ကိုတော့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကတည်းက TNLA က သိမ်းပိုက်နိုင်ခဲ့သည်။

    “ဟို ဌာနချုပ် ၂ ခုက တိုက်သိမ်းပြီးတာတော့ ကြာပြီပေါ့။ နောက်ဆုံး ကျန်တဲ့နေရာက ခက်နေတာ ဘာလို့ဆို အဲဒီကျောက်မဲတို့ လားရှိုးတို့ဘက်တွေကနေ ပြေးလာတဲ့တပ်တွေက အဲဒီမှာ ပေါင်းနေတာမလို့ အင်အားများတယ်။ သီပေါက ကျောက်မဲခရိုင်ထဲမှာ သွားလာရေးအတွက် အရေးပါတယ်လေ” ဟု သီပေါရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    သီပေါမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် မြို့ကို TNLA က အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ကျောက်မဲခရိုင်တစ်ခုလုံးကို TNLA က ထိန်းချုပ်ထားသည့်အခြေအနေရှိသည်။

    လက်ရှိတွင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များအပြင် TNLA ကိုပါ တရုတ်က တိုက်ပွဲများရပ်တန့်ရန် ဖိအားပေးမှုများရှိနေသော်လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks