spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းပေါင်တွင် လိုင်းကြေးယူ ဖွင့်လှစ်ခွင့်ပေးထားသည့် ကြက်ဝိုင်းကို စစ်ကောင်စီရဲတပ်ဖွဲ့က ပြန်ဖမ်း၊ လူမမိလို့ ဆိုင်ကယ် ၁၀ စီးခန့် သိမ်းဆည်း

    ပေါင်တွင် လိုင်းကြေးယူ ဖွင့်လှစ်ခွင့်ပေးထားသည့် ကြက်ဝိုင်းကို စစ်ကောင်စီရဲတပ်ဖွဲ့က ပြန်ဖမ်း၊ လူမမိလို့ ဆိုင်ကယ် ၁၀ စီးခန့် သိမ်းဆည်း

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင် လိုင်းကြေးယူပြီး ဖွင့်လှစ်ခွင့်ပေးထားသည့် ကြက်ဝိုင်းတစ်ခုကို စစ်ကောင်စီ ရဲတပ်ဖွဲ့တို့က ဝင်ရောက်ဖမ်းဆီးပြီးနောက် လူမမိသည့်အတွက် ဆိုင်ကယ် ၁၀ စီးခန့် သိမ်းဆည်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

    အောက်တိုဘာလ ၁၄ ရက်နေ့၊ နေ့လည် ၁ နာရီအချိန်ခန့်က အာဝါဒေးနေ့ဟုဆိုကာ စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သည့် ဦးစိုးသွင်းဆိုသူ၏ နေအိမ်အရှေ့တွင် လူ ၁၀၀ ကျော်ဖြင့် ဖွင့်လှစ်ထားသည့် ကြက်ဝိုင်းကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    “သူတို့ ကျောက်တင်တဲ့ ဖောကားနဲ့ လာဖမ်းတယ်၊ အဲဒီလိုလာဖမ်းတော့ လူတွေက စပါးခင်းကြာမှာ ပုန်းပြီး လိုက်ပြေးတယ်၊ လူကိုတော့ တစ်ယောက်မှ မမိဘူး၊ ဆိုင်ကယ် ၁၀ စီးနဲ့ စက်ဘီးတွေ ကြက်တွေ ကားပေါ်တင်သွားတယ်၊ အိမ်ရှင် (ဦးစိုးသွင်း) ကိုတော့ မဖမ်းဘူး” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    အဆိုပါ ကြက်ဝိုင်းကို ဒေသတွင်းရှိ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတို့ကို လိုင်းကြေးပေးပြီး အိမ်ရှင်ဖြစ်သူက ဖွင့်လှစ်ထားသည်ဟု ဆိုသည်။

    လက်ရှိ ဖမ်းဆီးရမိသည့် သက်သေခံပစ္စည်းများဖြစ်သော ဆိုင်ကယ် ၁၀ စီး အပါအဝင် စက်ဘီးနှင့် ကြက်နှစ်ကောင်တို့ကို ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲစခန်းတွင် သိမ်းဆည်းထားကြောင်း သိရသည်။

    “လူမမိဘူး ဆိုင်ကယ်ကို အလကားရသွားတယ်၊ လူမိရင် ဆိုင်ကယ်ပြန်ပေးတာတို့ အမှုနဲ့ ပြန်အပ်ရတာတို့ ရှိတယ်။ လူမမိတဲ့အတွက် သူတို့ (ရဲ) က ပိုကြိုက်တယ်။ ပိုင်ရှင်မဲ့ လုပ်လိုက်ပြီး သူတို့သိမ်းသွားတယ်” ဟု ပေါင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

    ထို့အပြင် ထွက်ပြေးလွတ်မြောက်သွားသည့် လောင်းကစားသူများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိပါက တရားလိုပြုလုပ်ပြီး ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားသွားမည်ဖြစ်ကြောင်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

    ပေါင်မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင်လောင်းကစားဝိုင်းမျိုးစုံကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့က ငွေကြေးရယူပြီး ဖွင့်လှစ်ခွင့်ပေးထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks