spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းထားဝယ်ကမ်းနား သပိတ်မျှောပွဲ ကျင်းပမည့် နေရာအနီး နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်

    ထားဝယ်ကမ်းနား သပိတ်မျှောပွဲ ကျင်းပမည့် နေရာအနီး နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သပိတ်မျှောပွဲ ကျင်းပပြုလုပ်မည့် သဲကွင်းနေရာအနီးတွင် နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်က ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပပြုလုပ်မည့် သဲကွင်းအနီးတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

    “ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက်မှာ ပေါက်ကွဲသံတစ်ကြိမ်ကြားတယ်။ နောက် မိနစ်နှစ်ဆယ်လောက်ခြားပြီး နောက်ထပ်တစ်ကြိမ် ပေါက်ကွဲသံကြားရပါတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

    ထိုပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်ကို သိရှိရကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

    ပေါက်ကွဲမှုဖြစ်ပြီးနောက် ကမ်းနားလမ်းတစ်လျှောက်နှင့် ထားဝယ်မြို့အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့တို့က လုံခြုံရေးတင်ကြပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း မြို့ခံတို့က ဆိုသည်။

    ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်ကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ကမ်းနားဈေးအနောက်ဘက်ခြမ်းတွင် ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

    “ပေါက်ကွဲမှု ဖြစ်တဲ့နေရာက ကားတွေ၊ ဆိုင်ကယ်တွေ ထားတဲ့နေရာအနီးမှာ ဖြစ်ပွားတာပါ။ လူထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကမ်းနားဈေးရှိ ဈေးဆိုင်များ ပိတ်သိမ်းပြီး ပြန်သွားကြသည်ဟု
    ဈေးသမားများထံမှ သိရသည်။

    “မနေ့ကလည်း ဈေးအနောက်ဘက်ခြမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ ဈေးဆိုင်ပိတ်ပြီး အိမ်ပြန်ခဲ့ရတယ်။ ဒီနေ့မှာလည်း ပေါက်ကွဲမှု နှစ်ကြိမ်ထပ်ဖြစ်လို့ ဆိုင်ပိတ်ရပြန်ပြီး” ဟု ဈေးသမားတစ်ဦးက ပြောသည်။

    အောက်တိုဘာလ ၁၄ ရက်နေ့ ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁)တပ်ရင်း T1 ၏ လက်ရုံးတပ်ဖွဲ့ဖြစ်သည့် Sky Ghost Drone Force ကတော့ မြို့တွင်းမစ်ရှင်ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ၎င်းပြင် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ပွဲလမ်းသဘင်များကို ထားဝယ်သူ၊ ထားဝယ်သားများ မသွားလာကြရန်လည်း SGDF ဒရုန်းတပ်ဖွဲ့က တောင်းဆိုထားသည်။

    ယနေ့ နံနက်ပိုင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်လာခြင်းမရှိသေးပေ။

    ပြီးခဲ့သည့်နှစ်ကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပပြုလုပ်သည့် သဲကွင်းရှိ ဖျော်ဖြေရေးမဏ္ဍပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks