မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် ၃၁၈ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ထုတ်ပြန်သည်။
မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမတ ၃၁၈ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅ ခွဲအချိန့်က ရှော့တိုက်ဒုံး၊ SF-Z ဒရုန်း (Drone) ဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း ၁၀ နာရီခွဲထိ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ရှော့တိုက်ဒုံး၊ SF-Z ဒရုန်း (Drone) ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အမတ ၃၁၈ ရှိ လက်နက်ကြီးအထိုင်စခန်းနေရာ ထိခိုက်ပျက်စီးသွားသည့်အပြင် လက်နက်တိုက်နှင့် အခြားအဆောက်အအုံလည်း ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ခွာစစ်ဆင်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးက၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းလည်း NMSP-AD က ထုတ်ပြန်ထားသည်။
အဘစ် အမြှောက်တပ် ၃၁၈ သည် ပြည်သူလူထုပိုင် နေအိမ်များကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယခုလို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
အမြှောက်တပ် ၃၁၈ ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ Saw Dragon Drone Force SDDF (ဒရုန်းအထူးတပ်ဖွဲ့)၊ Ye Air Force (YAF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း(တပ်ခွဲ ၂)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF (ဒေါနတပ်ခွဲ ၄)၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း T5 နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသည်။
