Home သတင်း ရေးမြောက်ပိုင်းတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဒေသခံအချို့ကို နေ့စားဖြင့် ငှားရမ်းပြီး အိမ်တိုင်းရာရောက် ခေါ်ဆောင်ခိုင်းနေရ

ရေးမြောက်ပိုင်းတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဒေသခံအချို့ကို နေ့စားဖြင့် ငှားရမ်းပြီး အိမ်တိုင်းရာရောက် ခေါ်ဆောင်ခိုင်းနေရ

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာ မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအချို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အခက်အခဲဖြစ်နေသည့် စစ်ကောင်စီသည် ဒေသခံအချို့ကို နေ့စားဖြင့် ငှားရမ်းပြီး အိမ်တိုင်းရာရောက် ခေါ်ဆောင်ခိုင်းနေရသည်ဟု သိရသည်။

ရေးမြို့နယ်မြောက်ပိုင်း၊ ရွာသစ်ကျေးရွာတွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှုးရုံးထံသို့ ကိုယ်တိုင်လာရောက် စာရင်းပေးသွင်းနိုင်ရန် နေအိမ်တိုင်း လိုက်လံခေါ်ဆောင်ပေးသူတို့ကို တစ်နေ့ ငွေနှစ်သောင်းကျပ်ဖြင့် ငှားရမ်းနေရသည်ဟု ဆိုသည်။

“သူတို့ (စစ်ကောင်စီ) က တစ်အိမ်တက်၊ တစ်အိမ်ဆင်း မေးဖို့ကလည်း၊ သွားမရဲဘူးဆိုတော့ ရွာခံ ၃ ယောက်ကို ငှားပြီး လူတစ်ယောက်ပြီး တစ်ယောက် ခေါ်ခိုင်းတယ်၊ အုပ်ချုပ်ရေးမှုး ရုံးရောက်မှ (သန်းခေါင်စာရင်းအတွက်) မေးမြန်းရတာပေါ့” ဟု ရေးမြို့နယ်မြောက်ပိုင်း ရွာသစ်ကျေးရွာမှ ဒေသတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ရွာခံများကို ငှားရမ်းပြီး အိမ်တိုင်းရာရောက် လိုက်လံခေါ်ဆောင်ပေးသော်လည်း သန်းခေါင်စာရင်း မေးမြန်းမှုခံယူနိုင်ရန် မည်သူမျှ လာရောက်ပူပေါင်းခြင်းမရှိသည့်အတွက် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ ယနေ့အထိ ရပ်နားထားကြောင်း သိရသည်။

“တစ်ရက်လောက် လာကောက်ပြီးတော့ ပျောက်သွားတယ်၊ ၃၀ ရာခိုင်းနှုန်းလောက်ပဲ ကောက်ရသေးတယ်၊ ရွာအလယ်လောက်ပဲ ကောက်ထားတယ်၊ အုပ်ချုပ်ရေးမှုရုံးနဲ့ နီးတဲ့ လူတွေလောက်ပဲ ကောက်ရသေးတယ်” ဟု ရွာသစ် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းတွင် လာရောက်ပူးပေါင်းခြင်းမရှိသည့် နေအိမ် များကို ရေးမြို့ပေါ်အထိ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီဘက်က ပြောဆို ထားသည်။

မွန်ပြည်နယ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်၊ လူအင်းအား ၁၂၀၀ ကျော်ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အကောင်အထည် ဖော်နေသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.