Homeသတင်းချင်းမိုင် Rajabhat တက္ကသိုလ်နှင့် မွန်ကောလိပ် အဆင့်မြင့်ပညာရေးအတွက် MOU လက်မှတ်ထိုးမည်

ချင်းမိုင် Rajabhat တက္ကသိုလ်နှင့် မွန်ကောလိပ် အဆင့်မြင့်ပညာရေးအတွက် MOU လက်မှတ်ထိုးမည်

-

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Rajabhat တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ်တို့ကြား အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးသွားရန် ရှိသည်ဟု မွန်အမျိုးသားကောလိပ် တာဝန်ရှိသူတို့ထံမှ သိရသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို လာမည့် ဒီဇင်ဘာလ ဒုတိယအပတ်တွင် Rajabhat တက္ကသိုလ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မွန်အမျိုးသားကောလိပ် တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီတာဝန်ရှိသူများနှင့် မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်သွားမည်ဟု ဆိုသည်။

“ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က Rajabhat တက္ကသိုလ်နဲ့ MOU လက်မှတ်ရေးထိုးဖို့ သဘောတူညီချက် ရရှိထားတယ်။ အခုလောလောဆယ်မှာတော့ MOU စာချုပ်မှာ ပါဝင်တဲ့ အဘောတူညီချက်တွေကို ကျနော်တို့ ရေးဆွဲနေပါတယ်။ လာမဲ့ ဒီဇင်ဘာလ ဒုတိယပတ်မှာ လက်မှတ်ထိုးသွားဖို့ စီစဉ်ထားပါတယ်” ဟု မွန်အမျိုးသားကောလိပ် ကျောင်းအုပ် ဒေါက်တာပညာမွန်က ပြောသည်။

နားလည်မှုစာချွန်လွှာ MOU တွင် Rajabhat တက္ကသိုလ်အနေနှင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများ အဆင့်မြင့်တက္ကသိုလ်တွင် ပညာလေ့လာဆည်းပူနေသူများအဖြစ် သတ်မှတ်ပေးရန်၊ ကောလိပ်ကျောင်းသူ၊ ကျောင်းသားများ Rajabhat တက္ကသိုလ်တွင် ပညာသွားရောက်သင်ကြားရာတွင် လက်ခံပေးရန်၊ မွန်အမျိုးသားကောလိပ်နှင့် Rajabhat တက္ကသိုလ်ကြား Dual Degree စနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရန်၊ သင်ကြားရေးအပိုင်း၊ စီမံကွပ်ကဲ အုပ်ချုပ်ရေးအပိုင်းနှင့် ပညာရေး ဖွံ့ဖြိုးမှုအပိုင်းများ အရှိန်မြင့်လာအောင် ပူးပေါင်းဆောင်ရွက်သွားရန် စသည့် အဘောတူညီချက် ပါဝင်သွားသည်ဟု ဆိုသည်။

“ဒီစာချွန်လွှာက Payap တက္ကသိုလ်မှာ တောင်ဆိုးချက်အတိုင်း ကျနော်တို့ တောင်းဆိုထားတယ်။ တက္ကသိုလ် တာဝန်ရှိသူတွေနဲ့ သဘောတူညီချက်တွေ ရခဲ့ပါတယ်။ အခုက အဲသဘောတူညီချက်တွေကို အထက်ကို တင်ပြထားတယ်။ နောက်ထပ် တက္ကသိုလ်တွေနဲ့လည်း MOU လက်မှတ် ရေးထိုးသွားဖို့ ဆွေးနွေးနေတာ ရှိတယ်။ ဒီထိုင်းနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေနဲ့ရော တခြားနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေနဲ့ လည်း MOU လက်မှတ်ရေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီနှစ်အတွက်က တက္ကသိုလ် ၃ ခုလောက်နဲ့ MOU လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေပါတယ်” ဟု ဒေါက်တာပညာမွန်က ဆက်ပြောသည်။

မွန်အမျိုးသားကောလိပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့သည်။

မွန်အမျိုးသားကောလိပ်သည် Rajabhat တက္ကသိုလ်၊ Payap တက္ကသိုလ်အပြင် ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ်၊ အမေရိကာန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်တို့နှင့်လည်း နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း သိရသည်။

မွန်အမျိုးသားကောလိပ်သည် မွန်ပြည်သစ်ပါတီထိန်းချုပ်၊ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းတွင် ၂၀၂၂ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့သည်။

မွန်အမျိုးသားကျောင်းသား၊ ကျောင်းသူများ နိုင်ငံခြားတက္ကသိုလ်တို့တွင် ပညာဆက်လက် သင်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ မွန်အမျိုးသားကောလိပ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူဦးရေ ၃၀၀ ခန့် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts